သံယုတ္တနိကာယ်—၅၆
၅—ပပါတဝဂ်
၂—ပပါတသုတ်
၁၁၁၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ နေ့သန့်စင်ရန် ပဋိဘာနတောင်ထွတ်သို့ သွားကြကုန်အံ့”ဟု ရဟန်းတို့ကို မိန့်တော်မူလတ်သော် “ကောင်းပါပြီ အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာ့ဘုရားအား ပြန်ကြားလျှောက်ကြကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် များစွာကုန်သော ရဟန်းတို့နှင့်အတူ ပဋိဘာနတောင်ထွတ်သို့ ချဉ်းကပ်တော်မူ၏၊ ရဟန်းတစ်ပါးသည် ပဋိဘာနတောင်ထွတ်၌ ကြီးစွာသော ချောက်ကမ်းပါးကို မြင်ရ၍ မြတ်စွာဘုရားအား “အသျှင်ဘုရား ဤချောက်ကမ်းပါးသည်ကြီးလေစွ၊ အသျှင်ဘုရား ဤချောက်ကမ်းပါးသည် အလွန်ကြောက်မက်ဖွယ် ကောင်းလေစွ၊ အသျှင်ဘုရား ဤချောက် ကမ်းပါးထက် ပို၍လည်း ကြီးသော ပို၍လည်း ကြောက်မက်ဖွယ် ကောင်းသောအခြားသော ချောက် ကမ်းပါးသည် ရှိပါသေးသလော”ဟု ဤစကားကို လျှောက်၏၊ ရဟန်းဤချောက်ကမ်းပါးထက် ပို၍လည်း ကြီးသော ပို၍လည်း ကြောက်မက်ဖွယ်ကောင်းသောအခြားသောချောက်ကမ်းပါးသည် ရှိသေး၏ဟု မိန့် တော်မူ၏။
အသျှင်ဘုရား ဤချောက်ကမ်းပါးထက် ပို၍လည်း ကြီးသော ပို၍လည်း ကြောက်မက်ဖွယ်ကောင်း သောအခြားသော ချောက်ကမ်းပါးသည် အဘယ်ပါနည်းဟု လျှောက်၏။
ရဟန်း “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ မသိကြသူ၊ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း”ဟုဟုတ်တိုင်းမှန်စွာ မသိကြသူ၊ “ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်တည်း”ဟုဟုတ်တိုင်းမှန်စွာ မသိကြသူ၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ မသိကြသူ ထိုသမဏဗြာဟ္မဏ ဟူသမျှတို့သည် ပဋိသန္ဓေနေမှု ‘ဇာတိ’ကို ဖြစ်စေတတ်ကုန်သောပြုစီရင်မှု ‘သင်္ခါရ’တို့၌ မွေ့လျော်ကုန်၏၊ အိုမှု ‘ဇရာ’ကို ဖြစ်စေတတ်ကုန်သော ပြုစီရင်မှု ‘သင်္ခါရ’တို့၌ မွေ့လျော်ကုန်၏၊ သေမှု ‘မရဏ’ကို ဖြစ်စေတတ်ကုန်သော ပြုစီရင်မှု ‘သင်္ခါရ’တို့၌ မွေ့လျော်ကုန်၏၊ ပူဆွေးမှုငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု (နှလုံးမသာမှု) ပြင်းစွာ ပင်ပန်းမှုတို့ကို ဖြစ်စေတတ်ကုန်သောပြုစီရင်မှု ‘သင်္ခါရ’တို့၌ မွေ့လျော်ကုန်၏။
ထိုသမဏဗြာဟ္မဏတို့သည် ပဋိသန္ဓေနေမှု ‘ဇာတိ’ကို ဖြစ်စေတတ်ကုန်သော သင်္ခါရတို့၌ မွေ့လျော်ကုန်သောကြောင့် အိုမှု ‘ဇရာ’ကို ဖြစ်စေတတ်ကုန်သော သင်္ခါရတို့၌ မွေ့လျော်ကုန်သောကြောင့် သေမှု ‘မရဏ’ကို ဖြစ်စေတတ်ကုန်သော သင်္ခါရတို့၌ မွေ့လျော်ကုန်သောကြောင့် ပူဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲ မှု စိတ်ဆင်းရဲမှု (နှလုံးမသာမှု) ပြင်းစွာ ပင်ပန်းမှုတို့ကို ဖြစ်စေတတ်ကုန်သော သင်္ခါရတို့၌မွေ့လျော် ကုန်သောကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ကို ဖြစ်စေတတ်ကုန်သော သင်္ခါရတို့ကိုလည်းပြုစီရင်ကုန်၏၊ အိုမှု ‘ဇရာ’ကို ဖြစ်စေတတ်ကုန်သော သင်္ခါရတို့ကိုလည်း ပြုစီရင်ကုန်၏၊ သေမှု ‘မရဏ’ကို ဖြစ်စေတတ်ကုန် သော သင်္ခါရတို့ကိုလည်း ပြုစီရင်ကုန်၏၊ စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု (နှလုံးမသာမှု) ပြင်းစွာ ပင်ပန်းမှုတို့ကို ဖြစ်စေတတ်ကုန်သောသင်္ခါရတို့ကိုလည်း ပြုစီရင်ကုန်၏။
ထိုသူတို့သည် ပဋိသန္ဓေနေမှု ‘ဇာတိ’ကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့ကိုလည်း ပြုစီရင်၍အိုမှု ‘ဇရာ’ကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့ကိုလည်း ပြုစီရင်၍ သေမှု ‘မရဏ’ကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့ကိုလည်း ပြုစီရင်၍ စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု (နှလုံးမသာမှု) ပြင်းစွာ ပင်ပန်းမှုတို့ကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့ကိုလည်း ပြုစီရင်၍ ပဋိသန္ဓေနေမှု ‘ဇာတိ’ချောက်ကမ်းပါးသို့လည်း ကျရကုန်၏၊ အိုမှု ‘ဇရာ’ချောက်ကမ်းပါးသို့လည်း ကျရကုန်၏၊ သေမှု ‘မရဏ’ချောက်ကမ်းပါးသို့လည်း ကျရကုန်၏၊ စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု (နှလုံးမသာမှု) ပြင်းစွာ ပင်ပန်းမှု ချောက်ကမ်းပါးသို့လည်း ကျရကုန်၏၊ ထိုသူတို့သည် ပဋိသန္ဓေနေမှု အိုမှု သေမှုစိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု (နှလုံးမသာမှု) ပြင်းစွာ ပင်ပန်းမှုဟူသော ဆင်းရဲအပေါင်းမှ မလွတ်ကုန်ဟု ငါ ဆို၏။
ရဟန်းတို့ “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိကြသူ။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိကြသူ သမဏဗြာဟ္မဏ ဟူသမျှတို့သည် ပဋိသန္ဓေနေမှု ‘ဇာတိ’ကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့၌ မမွေ့လျော်ကုန်၊ အိုမှု ‘ဇရာ’ကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့၌ မမွေ့လျော်ကုန်၊ သေမှု ‘မရဏ’ကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့၌မမွေ့လျော်ကုန်၊ စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု (နှလုံးမသာမှု) ပြင်းစွာ ပင်ပန်းမှုတို့ကိုဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့၌ မမွေ့လျော်ကုန်။
ထိုသမဏဗြာဟ္မဏတို့သည် ပဋိသန္ဓေနေမှုကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့၌ မမွေ့လျော်ကုန်သောကြောင့် အိုမှုကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့၌ မမွေ့လျော်ကုန်သောကြောင့် သေမှုကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့၌ မမွေ့လျော်ကုန်သောကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု (နှလုံးမသာမှု) ပြင်းစွာ ပင်ပန်းမှုတို့ကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့၌ မမွေ့လျော်ကုန်သောကြောင့် ပဋိသန္ဓေနေမှုကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့ကိုလည်း မပြုစီရင်ကုန်၊ အိုမှုကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့ကိုလည်း မပြုစီရင်ကုန်၊ သေမှုကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့ကိုလည်း မပြုစီရင်ကုန်၊ စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု (နှလုံးမသာမှု) ပြင်းစွာ ပင်ပန်းမှုတို့ကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့ကိုလည်း မပြုစီရင်ကုန်။
ထိုသူတို့သည် ပဋိသန္ဓေနေမှုကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့ကိုလည်း မပြုစီရင်သောကြောင့်အိုမှုကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့ကိုလည်း မပြုစီရင်သောကြောင့် သေမှုကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့ကိုလည်း မပြုစီရင်သောကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု (နှလုံး မသာမှု) ပြင်းစွာ ပင်ပန်းမှုတို့ကို ပြုစီရင်တတ်ကုန် သော ကံသင်္ခါရတို့ကိုလည်းမပြုစီရင်သောကြောင့် ပဋိသန္ဓေနေမှု ချောက်ကမ်းပါး၌လည်း မကျရကုန်၊ အိုမှု ချောက်ကမ်းပါး၌လည်းမကျရကုန်၊ သေမှု ချောက် ကမ်းပါး၌လည်း မကျရကုန်၊ စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု (နှလုံးမသာမှု) ပြင်းစွာ ပင်ပန်းမှု ချောက်ကမ်းပါး၌လည်း မကျရကုန်။ ထိုသူတို့သည် ပဋိသန္ဓေနေမှု အိုမှုသေမှု ပူဆွေးမှု ငို ကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု (နှလုံးမသာမှု) ပြင်းစွာ ပင်ပန်းမှုဟူသောဆင်းရဲအပေါင်းမှ လွတ်ရ ကုန်၏ဟု ငါ ဟော၏။
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။
“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။