သံယုတ္တနိကာယ်—၅၆

၅—ပပါတဝဂ်

၃—မဟာပရိဠာဟသုတ်

၁၁၁၃။ ရဟန်းတို့ မဟာပရိဠာဟ၁မည်သော ငရဲသည် ရှိ၏၊ ထိုငရဲ၌ အဆင်းဟူသမျှကို မျက်စိဖြင့် မြင်ရသည်ရှိသော် မလိုလားဖွယ်အဆင်းကိုသာ မြင်ရ၏၊ လိုလားဖွယ်အဆင်းကို မမြင်ရ။ မနှစ်ခြိုက်ဖွယ်အဆင်းကိုသာ မြင်ရ၏၊ နှစ်ခြိုက်ဖွယ်အဆင်းကို မမြင်ရ။ မမြတ်နိုးဖွယ်အဆင်းကိုသာ မြင်ရ၏၊ မြတ်နိုးဖွယ်အဆင်းကို မမြင်ရ။ အသံဟူသမျှကို နားဖြင့် ကြားရသည်ရှိသော်။ပ။ တွေ့ထိမှုဟူသမျှကို ကိုယ်ဖြင့်တွေ့ထိရသည်ရှိသော်။ပ။ သဘောတရားဟူသမျှကို စိတ်ဖြင့် သိရသည်ရှိသော် မလိုလားဖွယ်သဘောကိုသာသိရ၏၊ လိုလားဖွယ်သဘောကို မသိရ။ မနှစ်ခြိုက်ဖွယ်သဘောကိုသာ သိရ၏၊ နှစ်ခြိုက်ဖွယ်သဘောကိုမသိရ။ မမြတ်နိုးဖွယ်သဘောကိုသာ သိရ၏၊ မြတ်နိုးဖွယ်သဘောကို မသိရဟု မိန့်တော်မူလတ်သော်ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား ထိုပူလောင်ခြင်းသည် ကြီးလေစွ၊ အသျှင်ဘုရားထိုပူလောင်ခြင်းသည် အလွန်ကြီးလေစွ၊ အသျှင်ဘုရား ထိုပူလောင်ခြင်းထက် ပို၍လည်း ကြီးသော ပို၍လည်း ကြောက်ဖွယ်ကောင်းသောအခြားသော ပူလောင်ခြင်းသည် ရှိပါသေးသလော”ဟု လျှောက်၏။

ရဟန်းတို့ ထိုပူလောင်ခြင်းထက် ပို၍လည်း ကြီးသော ပို၍လည်း ကြောက်ဖွယ်ကောင်းသောအခြား့သော ပူလောင်ခြင်းသည် ရှိသေး၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ထိုပူလောင်ခြင်းထက် ပို၍လည်းကြီးသော ပို၍လည်း ကြောက်ဖွယ်ကောင်းသောအခြားသော ပူလောင်ခြင်းဟူသည် အဘယ်ပါနည်း။

ရဟန်းတို့ “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ မသိကြသူ။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ မသိကြသူ သမဏဗြာဟ္မဏ ဟူသမျှတို့သည် ပဋိသန္ဓေနေမှုကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့၌ မွေ့လျော်ကုန်၏။ပ။ မွေ့လျော်ကုန်သည်ဖြစ်၍။ပ။ ပြုစီရင်ကုန်၏၊ ပြုစီရင်ကုန်သည် ဖြစ်၍။ပ။ ပဋိသန္ဓေနေမှု အပူဖြင့်လည်း ပူလောင်ကုန်၏၊ အိုမှုအပူဖြင့်လည်း ပူလောင်ကုန်၏၊ သေမှု အပူဖြင့်လည်း ပူလောင်ကုန်၏၊ စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှု (နှလုံးမသာမှု) ပြင်းစွာ ပင်ပန်းမှု အပူဖြင့်လည်း ပူလောင်ကုန်၏။ ထိုသူတို့သည် ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု (နှလုံးမသာမှု) ပြင်းစွာ ပင်ပန်းမှုတို့ဟူသော ဆင်းရဲမှ မလွတ်ကုန်ဟု ငါ ဆို၏။

ရဟန်းတို့ “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိကြသူ။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိကြသူ သမဏဗြာဟ္မဏဟူသမျှတို့သည်ပဋိသန္ဓေနေမှုကို ဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့၌ မမွေ့လျော်ကုန်။ပ။ မမွေ့လျော်ကုန်သည် ဖြစ်၍။ပ။

မပြုစီရင်ကုန်။ပ။ မပြုစီရင်ကုန်သည် ဖြစ်၍ ပဋိသန္ဓေနေမှု အပူဖြင့်လည်း မပူလောင်ကုန်၊ အိုမှု အပူဖြင့်လည်း မပူလောင်ကုန်၊ သေမှု အပူဖြင့်လည်း မပူလောင်ကုန်၊ စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု (နှလုံးမသာမှု) ပြင်းစွာ ပင်ပန်းမှုအပူ ဖြင့်လည်း မပူလောင်ကုန်။ ထိုသူတို့သည် ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု နှလုံးမသာမှု ပြင်းစွာပင်ပန်းမှုတို့ဟူသော ဆင်းရဲမှ လွတ်ကုန်၏ဟု ငါ ဆို၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၁။ မဟာ—ကြီးသော (ပြင်းထန်သော)၊ ပရိဠာဟ—ပူပန်ခြင်း။ ကြီးကျယ်ပြင်းထန်သော ပူပန်ခြင်းရှိသောငရဲ။