သံယုတ္တနိကာယ်—၅၆

၅—ပပါတဝဂ်

၆—အန္ဓကာရသုတ်

၁၁၁၆။ ရဟန်းတို့ ဆင်းရဲ၍ အပိတ်အပင်မရှိ ဟင်းလင်းပွင့်လျက် အမိုက်မှောင်အတိ ဖြစ်ကုန်သောလောကန္တရိတ်ငရဲတို့သည် ရှိကုန်၏၊ ယင်းငရဲ၌ ဤမျှတန်ခိုးအာနုဘော်ကြီးကုန်သော လနေတို့၏အရောင် ကို မခံစားရကုန်ဟု မိန့်တော်မူလတ်သော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား”အသျှင်ဘုရား ထို အမှောင်သည် ကြီးပေစွတကား၊ အသျှင်ဘုရား ထိုအမှောင်သည်အလွန်ကြီးပေစွတကား၊ အသျှင်ဘုရား ထိုအမှောင်ထက် ပို၍လည်း ကြီးသော ပို၍လည်းကြောက်ဖွယ်ကောင်းသောအခြားသောအမှောင်သည် ရှိပါသေးသလော”ဟု လျှောက်၏။ ရဟန်းထိုအမှောင်ထက် ပို၍လည်း ကြီးသော ပို၍လည်း ကြောက်ဖွယ် ကောင်းသောအခြားသောအမှောင်သည် ရှိသေး၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ထိုအမှောင်ထက် ပို၍လည်း ကြီးသော ပို၍လည်း ကြောက်ဖွယ်ကောင်းသောအခြားသောအမှောင်ဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။

ရဟန်း “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ မသိကြသူ။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ မသိကြသူ သမဏဗြာဟ္မဏဟူသမျှတိုသည်ပဋိသန္ဓေနေမှုကို ဖြစ်စေတတ်ကုန်သော ကံ ‘သင်္ခါရ’ တို့၌ မွေ့လျော်ကုန်၏။ပ။

မွေ့လျော်ကုန်သည်ဖြစ်၍။ပ။ ပြုစီရင်ကုန်၏။ပ။ ပြုစီရင်ကုန်သည်ဖြစ်၍ ပဋိသန္ဓေနေမှု အမှောင်၌လည်းကျကုန်၏၊ အိုမှု အမှောင်၌လည်း ကျကုန်၏၊ သေမှု အမှောင်၌လည်း ကျကုန်၏၊ စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု (နှလုံး မသာမှု) ပြင်းစွာ ပင်ပန်းမှု အမှောင်၌လည်း ကျကုန်၏။ ထိုသူတို့သည် ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ် မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု (နှလုံးမသာမှု) ပြင်းစွာ ပင်ပန်းမှုဟူသော ဆင်းရဲမှ မလွတ်ရ ကုန်ဟု ငါ ဆို၏။

ရဟန်းတို့ “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိကြသူ။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိကြသူ ထိုသမဏဗြာဟ္မဏ ဟူသမျှတို့သည် ပဋိသန္ဓေနေမှုကို ဖြစ်စေတတ်ကုန်သော ပြုစီရင်မှု ကံ ‘သင်္ခါရ’တို့၌ မမွေ့လျော်ကုန်။ပ။ မမွေ့လျော်ကုန်သည် ဖြစ်၍ မပြုစီရင်ကုန်။ပ။ မပြုစီရင်ကုန်သည် ဖြစ်၍ ပဋိသန္ဓေနေမှု အမှောင်၌လည်း မကျကုန်၊ အိုမှု အမှောင်၌လည်း မကျကုန်၊ သေမှု အမှောင်၌လည်း မကျကုန်၊ စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု (နှလုံးမသာမှု) ပြင်းစွာ ပင်ပန်းမှု အမှောင်တို့၌လည်း မကျကုန်။ ထိုသူတို့သည် ပဋိသန္ဓေနေမှုအိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု (နှလုံးမသာမှု) ပြင်းစွာ ပင်ပန်းမှု ဟူသောဆင်းရဲမှ လွတ်ကုန်၏ဟု ငါ ဆို၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။