သံယုတ္တနိကာယ်—၅၆

၅—ပပါတဝဂ်

၇—ပဌမ ဆိဂ္ဂဠယုဂသုတ်

၁၁၁၇။ ရဟန်းတို့ ဥပမာသော်ကား ယောကျာ်း (တစ်ယောက်) သည် မဟာသမုဒ္ဒရာ၌ အပေါက်တစ်ခုရှိသော ထမ်းပိုးကို ပစ်ချရာ၏၊ ထိုသမုဒ္ဒရာ၌လည်း လိပ်ကန်းသည် ရှိရာ၏၊ ထိုလိပ်ကန်းသည်အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါ၌ တစ်ကြိမ် တစ်ကြိမ် ပေါ်ရာ၏။ ရဟန်းတို့ ထိုအရာကိုအဘယ်သို့ မှတ်ထင်ကုန်သနည်း၊ စင်စစ်အားဖြင့် အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါ၌တစ်ကြိမ် တစ်ကြိမ် ပေါ်သော လိပ်ကန်းသည် ဤအပေါက်တစ်ခုသာရှိသော ထမ်းပိုး၌ လည်ပင်း စွပ်နိုင်ရာသလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ရှည်ကြာသောကာလ ကုန်လွန်သည်ရှိသော် တစ်ခါတစ်ရံစွပ်နိုင်ကောင်းတန်ရာပါ၏ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါ တစ်ကြိမ် တစ်ကြိမ် ပေါ်သော ထိုလိပ်ကန်းသည် ဤအပေါက်တစ်ခုသာရှိသော ထမ်းပိုး၌ လည်ပင်း စွပ်မိနိုင်ခြင်းက ပို၍ မြန်ရာသေး၏၊ တစ်ကြိမ်မျှ (အပါယ်သို့) ပျက်စီးကျရောက်သွားသော လူမိုက်သည် လူအဖြစ်ကို ရရန် မလွယ်ကူတော့ချေဟု ငါ ဆို၏။

ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဤအပါယ်ဘုံ၌ တရားနှင့် အညီ ကျင့်ခြင်းမျှမျှတတ ကျင့်ခြင်း ကုသိုလ်ကောင်းမှုကို ပြုခြင်းသည် မရှိ၊ အချင်းချင်းစားခြင်း အားနည်းသူကိုစားခြင်း သည်သာ ဖြစ်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ အရိယာတို့၏အမှန်တရား သစ္စာလေးပါးတို့ကို မမြင်ခြင်းကြောင့်တည်း။ အဘယ်လေးပါးတို့နည်း —

ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရား။ပ။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားတို့တည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။