သံယုတ္တနိကာယ်—၅၆

၅—ပပါတဝဂ်

၈—ဒုတိယ ဆိဂ္ဂဠယုဂသုတ်

၁၁၁၈။ ရဟန်းတို့ ဥပမာသော်ကား ဤမြေကြီးသည် ရေတပြင်တည်း ဖြစ်ရာ၏၊ ထိုရေအပြင်၌ယောကျာ်း (တစ်ယောက်) သည် အပေါက်တစ်ခုသာရှိသော ထမ်းပိုးကို ပစ်ချရာ၏၊ ထိုထမ်းပိုးကို အရှေ့လေသည် အနောက်သို့ တိုက်ခတ်ဆောင်ယူသွားရာ၏၊ အနောက်လေသည် အရှေ့သို့ တိုက်ခတ်ဆောင်ယူသွားရာ၏၊ မြောက်လေသည် တောင်သို့ တိုက်ခတ်ဆောင်ယူသွားရာ၏၊ တောင်လေသည် မြောက်သို့တိုက် ခတ်ဆောင်ယူသွားရာ၏။ ထိုရေအပြင်၌ လိပ်ကန်းသည် ရှိရာ၏၊ ထိုလိပ်ကန်းသည် အနှစ်တစ်ရာအနှစ် တစ်ရာ ကုန်လွန်သောအခါ တစ်ကြိမ် တစ်ကြိမ် ပေါ်ရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့မှတ်ထင် ကုန်သနည်း၊ စင်စစ်အားဖြင့် အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါ တစ်ကြိမ်တစ်ကြိမ် ပေါ် သော လိပ်ကန်းသည် ဤအပေါက်တစ်ခုသာရှိသော ထမ်းပိုး၌ လည်ပင်းစွပ်မိနိုင်ရာသလောဟု (မိန့်တော် မူ၏)။ အသျှင်ဘုရား အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါတစ်ကြိမ် တစ်ကြိမ် ပေါ်သော ထို လိပ်ကန်းသည် ဤအပေါက်တစ်ခုသာရှိသော ထမ်းပိုး၌ လည်ပင်းစွပ်နိုင်မှုသည် အကြောင်းညီညွတ်မှ ဖြစ်၏။

ရဟန်းတို့ ဤအတူပင် လူအဖြစ်ကို ရခြင်းသည် အကြောင်းညီညွတ်မှ ဖြစ်၏၊ ရဟန်းတို့ ဤ အတူပင်လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား ပွင့်လာခြင်းသည် အကြောင်းညီညွတ်မှ ဖြစ်၏၊ ရဟန်းတို့ လောက၌့မြတ်စွာဘုရား ဟောကြားတော်မူသော ဓမ္မဝိနယ ထွန်းတောက်ပခြင်းသည် အကြောင်းညီညွတ်မှ ဖြစ်၏၊ ရဟန်းတို့ ထိုသူသည် ဤလူ့အဖြစ်ကို ရ၏၊ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရား တို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား ဖြစ်ပေါ်လာ၏၊ လောက၌မြတ်စွာဘုရား ဟော ကြားတော်မူသော ဓမ္မဝိနယသည်လည်း ထွန်းတောက်ပ၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။