သံယုတ္တနိကာယ်—၅၆

၅—ပပါတဝဂ်

၉—ပဌမ သိနေရုပဗ္ဗတရာဇသုတ်

၁၁၁၉။ ရဟန်းတို့ ဥပမာသော်ကား ယောကျာ်း (တစ်ယောက်) သည် ပဲနောက်စေ့မျှရှိသော ကျောက်စရစ် ခုနစ်လုံးတို့ကို မြင့်မိုရ်တောင်မင်း၏ အနီး၌ ချထားရာ၏၊ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အနီး၌ ချထားသော ပဲနောက်စေ့မျှရှိသော ကျောက်စရစ် ခုနစ်လုံးတို့နှင့် မြင့်မိုရ်တောင်မင်းသည် အဘယ်က ပို၍ များသနည်းဟု မိန့်တော်မူ၏၊ အသျှင်ဘုရား ဤမြင့်မိုရ်တောင်မင်းသည်သာပို၍ များပါ၏၊ အနီး၌ ချထားသော ပဲနောက်စေ့မျှရှိသော ကျောက်စရစ် ခုနစ်လုံးတို့ကား အနည်းငယ်မျှသာ ဖြစ်ပါကုန်၏၊ မြင့်မိုရ်တောင်မင်းကို ထောက်ဆ၍ အနီး၌ ချထားသော ပဲနောက်စေ့မျှသာရှိသောကျောက်စရစ် ခုနစ်လုံးတို့သည် မရေတွက်လောက်ကုန်၊ မနှိုင်းယှဉ်လောက်ကုန်၊ အစိတ်အပိုင်းမျှသို့လည်းမရောက်ကုန်ဟု လျှောက်ကုန်၏။

ရဟန်းတို့ ဤအတူပင် မဂ်ဉာဏ်နှင့် ပြည့်စုံသော (သစ္စာကို) ထိုးထွင်းသိပြီးသောအရိယာတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ကုန်ဆုံးပြီးသော ဆင်းရဲသည်သာ ပို၍ များ၏၊ အကြွင်းအကျန်သည် အနည်းငယ်မျှသာတည်း၊ ကုန်ဆုံးပြီးသော ရှေးက ဆင်းရဲအစုကို ထောက်ဆ၍ အလွန်ဆုံး ခုနစ်ကြိမ်မျှ လာရသူ (သတ္တက္ခတ္တုပရမ) ၏အဖြစ်ဟူသော ဆင်းရဲသည်ကား မရေတွက်လောက်၊ မနှိုင်းယှဉ်လောက်၊ အစိတ်အပိုင်း မျှသို့လည်း မရောက်၊ ယင်းပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာသိ၏။ပ။ “ဤ ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

နဝမသုတ်။