သံယုတ္တနိကာယ်—၅၆
၁—သမာဓိဝဂ်
၇—ဝိတက္ကသုတ်
၁ဝ၇၇။ ရဟန်းတို့ ယုတ်မာသောအကုသိုလ်အကြံအစည်တို့ကို မကြံစည်ကုန်ရာ၊ ဤအကြံအစည်ကား အဘယ်နည်း—
ကာမ၌ ကြံစည်မှု ‘ကာမဝိတက်’၊ ပျက်စီးစေရန် ကြံစည်မှု ‘ဗျာပါဒဝိတက်’၊ ညှဉ်းဆဲရန် ကြံစည်မှု ‘ဝိဟိံသာဝိတက်’တို့တည်း။ ထိုသို့ မကြံစည်သင့်ခြင်းသည် အဘယ့်ကြောင့်နည်း၊
ရဟန်းတို့ ဤအကြံအစည်တို့သည် အကျိုးစီးပွားနှင့် မစပ်ကုန်၊ မဂ်တည်းဟူသောအကျင့်မြတ်၏ အစမဟုတ်ကုန်၊ ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ချုပ်ရန် ငြိမ်းရန် ထူးသော ဉာဏ်ဖြင့် သိရန် ကိုယ်တိုင် သိရန်တဏှာမှ ထွက်မြောက်ရန် မဖြစ်ကုန်။
ရဟန်းတို့ သင်တို့သည် ကြံစည်လိုကြကုန်သော် “ဤကား ဆင်းရဲတည်း”ဟု ကြံစည်ကုန်ရာ၏၊ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း”ဟု ကြံစည်ကုန်ရာ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း”ဟု ကြံစည်ကုန်ရာ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုကြံစည်ကုန် ရာ၏။ ထိုသို့ ကြံစည်သင့်ခြင်းသည် အဘယ့်ကြောင့်နည်း၊
ရဟန်းတို့ အကြံအစည်တို့သည် အကျိုးစီးပွားနှင့် စပ်ကုန်၏၊ မဂ်တည်းဟူသောအကျင့်မြတ်၏အစဖြစ်ကုန်၏၊ ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ချုပ်ရန် ငြိမ်းရန် ထူးသော ဉာဏ်ဖြင့် သိရန် ကိုယ်တိုင်သိရန် တဏှာမှ ထွက်မြောက်ရန် ဖြစ်ကုန်၏။
ရဟန်းတို့ ထို့ကြောင့် “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။