သံယုတ္တနိကာယ်—၆

၁—ပဌမဝဂ်

၁—ဗြဟ္မာယာစနသုတ်

၁၇၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရှေးဦးစွာဘုရားဖြစ်တော်မူပြီးစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်း ဆိတ်ကျောင်းညောင်ပင်ရင်း၌ (သီတင်းသုံး) နေ တော်မူ၏၊ ထိုအခါ ဆိတ်ကွယ်ရာအရပ်သို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းနေတော်မူစဉ် မြတ်စွာဘုရားအား ဤသို့ စိတ်အကြံ ဖြစ်တော်မူ၏— “ငါ သိထားသော ဤတရားကား နက်နဲ၏၊ မြင်နိုင်ခဲ၏၊ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ တက္ကီပုဂ္ဂိုလ်တို့၏ ကျက်စားရာ မဟုတ်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိနိုင်၏၊ ဤသတ္တဝါများကား ကာမဂုဏ်တို့၌ မွေ့လျော်ကြကုန်၏၊ ကာမဂုဏ်တို့၌ ပျော်ပိုက်ကုန်၏၊ ကာမဂုဏ်တို့၌ အလွန်နှစ်ခြိုက်နေကုန်၏၊ ကာမဂုဏ်တို့၌ မွေ့လျော် ပျော်ပိုက် အလွန်နှစ်ခြိုက်နေကြသော ဤသတ္တဝါများသည် အကျိုးတရားတို့၏ အကြောင်းဖြစ်သော ဤပဋိစ္စသမုပ္ပါဒ်တရားကို မြင်နိုင်ခဲ၏၊ ပြု ပြင်မှုအားလုံး၏ ငြိမ်းရာ ဥပဓိအားလုံးကို ပယ်စွန့်ရာ တဏှာ၏ ကုန်ရာ ရာဂ၏ ကင်းရာ ချုပ်ရာ ငြိမ်းရာ ဖြစ်သော ဤ (နိဗ္ဗာန်) တရားကိုလည်း မြင်နိုင်ခဲ၏၊ ငါသည် တရားကို ဟောငြားအံ့၊ သူတစ်ပါးတို့သည် ငါ၏ တရားကို မသိနားမလည်နိုင်ရာ၊ သို့ဖြစ်လျှင် ထို (တရားဟောမှု) သည် ငါ့အား ပင်ပန်းရုံသာ ဖြစ်ရာ၏၊ ငါ့ကို (ငါ) ညှဉ်းဆဲရုံသာ ဖြစ်ရာ၏”ဟု (စိတ်အကြံ ဖြစ်တော်မူ၏)။ ထို့အပြင် အလွန်အံ့သြဖွယ် ကောင်းသော ဤဂါထာတို့သည်လည်း ရှေးက မကြားဖူးဘဲ မြတ်စွာဘုရား၏ စိတ်တော်၌ ထင်လာပြန် ကုန်၏—

“ငါသည် ခဲယဉ်းစွာ ကျင့်သဖြင့် သိထားသော တရားကို ယခုအခါ ဟောပြခြင်း ငှါ မသင့်လျော်ချေ၊ ရာဂ , ဒေါသ နှိပ်စက်ခံနေရသော သူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည် မဟုတ်ချေ။

အဝိဇ္ဇာအမှောင်ထု ဖုံးလွှမ်းလျက် ရာဂစွဲကပ်နေသော သူတို့သည် သိမ်မွေ့နက်နဲ ၍ အဏုမြူသဖွယ် မြင်နိုင်ခဲသော (သံသရာ) အဆန်တရားကို မြင်နိုင်ကြမည် မဟုတ်ချေ”ဟု (စိတ်တော်၌ ထင်ပေါ်လာပြန်ကုန်၏)။

ဤသို့ ဆင်ခြင်တော်မူစဉ် မြတ်စွာဘုရား၏ စိတ်နှလုံးတော်သည် တရားဟောရန် ညွတ်တော် မမူ သေးဘဲ ကြောင့်ကြမဲ့နေရန် ညွတ်တော်မူ၏၊ ထိုအခါ မြတ်စွာဘုရား၏ စိတ်အကြံကို မိမိ စိတ်ဖြင့် သိ၍ သဟမ္ပတိဗြဟ္မာအား ဤသို့ အကြံ ဖြစ်ပေါ်လာ၏— “အချင်းတို့ လောကသည် ပျက်စီးတော့မည်တကား၊ အချင်းတို့ လောကသည် ပျက်စီးတော့မည်တကား၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ စိတ်နှလုံးတော်သည် တရားဟောရန် ညွတ်တော် မမူသေးဘဲ ကြောင့်ကြမဲ့ နေရန် ညွတ်တော်မူတုံဘိ၏”ဟု (အကြံ ဖြစ်ပေါ်လာ၏)။

ထို့နောက် ခွန်အားရှိသော ယောကျာ်းသည် ကွေးထားသော လက်ရုံးကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်ရုံးကို ကွေးထားသကဲ့သို့လည်းကောင်း သဟမ္ပတိဗြဟ္မာသည် ဗြဟ္မာ့ဘုံမှ ကွယ်ခဲ့ပြီးလျှင် မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားပေါ်လာ၏။ ထိုအခါ ထိုသဟမ္ပတိဗြဟ္မာသည် အပေါ်ရုံကို ပခုံးတစ်ဖက်၌ တင် ၍ လကျာ်ဒူးကို မြေ၌ ထောက်လျက် မြတ်စွာဘုရားသို့လက်အုပ်ချီပြီးလျှင် “မြတ်စွာဘုရား ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ် သော မြတ်စွာဘုရားသည့်တရားဟောတော်မူပါလော့၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူ နည်းပါးသော သတ္တဝါတို့သည် ရှိပါကုန်၏၊ (ထိုသတ္တဝါတို့သည်) တရားကို မနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏၊ တရားကို သိသူတို့သည် ရှိပါကုန်လတ္တံ့”ဟု လျှောက်၏၊ သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်ပြီး နောက် ထိုမှတစ်ပါး ဤစကားကို လျှောက်ပြန်၏—

“ရှေးအခါက မဂဓတိုင်း၌ (ရာဂစသော) အညစ်အကြေးရှိသူ ဂိုဏ်းဆရာကြီးတို့ သည် ကြံဆအပ်သော မစင်ကြယ်သော မိစ္ဆာအယူတရားသည် ထင်ရှားဖြစ်ပေါ်ခဲ့ပါ သည်၊ အမြိုက်နိဗ္ဗာန်တံခါးကို ဖွင့်လှစ်တော်မူပါလော့၊ အညစ်အကြေးကင်းတော်မူ သော မြတ်စွာဘုရားသည် သဘာဝနှင့်အလျော် သိတော်မူအပ်သော (သစ္စာလေးပါး) တရားကို (သတ္တဝါအများ) နာကြားကြပါစေကုန်လော့။

ကောင်းမြတ်သော ပညာရှင်ဖြစ်တော်မူသော မြတ်စွာဘုရား၊ ထက်ဝန်းကျင် (မြင်စွမ်းနိုင်သော ဉာဏ်) မျက်စိရှိတော်မူသော မြတ်စွာဘုရား ကျောက်တောင်ထိပ်၌ ရပ်တည်လျက်ရှိသော ယောကျာ်းသည် ထက်ဝန်းကျင် လူအပေါင်းကို ကြည့်ရှု သကဲ့သို့ ထို့အတူ စိုးရိမ်ပူဆွေး ကင်းဝေးတော်မူသော အသျှင်ဘုရားသည် ပညာ (ဓမ္မ)ဖြင့် ပြီးသော ပြာသာဒ်ထက်သို့ တက်တော်မူ၍ ပဋိသန္ဓေနေခြင်း အိုခြင်းတို့ အနှိပ်စက်ခံနေရသဖြင့် စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်းကျရောက်နေသော သတ္တဝါ အပေါင်းကို ကြည့်ရှုတော်မူပါလော့။

ရဲရင့်တော်မူသော မြတ်စွာဘုရား၊ အောင်ပွဲယင်တော်မူပြီးသော မြတ်စွာဘုရား ထတော်မူပါလော့။ ယာဉ်မှူးနှင့် တူတော်မူသော မြတ်စွာဘုရား၊ (ကိလေသာ) ကြွေး ကင်းဝေးတော်မူသော မြတ်စွာဘုရား လောက၌ လှည့်လည်တော်မူပါလော့။ ဘုန်း ကြီးတော်မူသော မြတ်စွာဘုရား တရားဟောတော်မူပါလော့။ (တရားကို) သိသူတို့သည် ရှိပါကုန်လတ္တံ့”ဟု (လျှောက်ပြန်၏)။

ထိုအခါ မြတ်စွာဘုရားသည် ဗြဟ္မာ၏ တောင်းပန်ခြင်းကို အသိအမှတ် ပြုပြီးလျှင် သတ္တဝါတို့၌ သနားခြင်းကိုလည်း အကြောင်းပြု၍ ဗုဒ္ဓစက္ခုဖြင့်၁ လောကကို ကြည့်တော်မူ၏၊ မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော်မူလတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူ နည်းပါးသူ၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူ များပြားသူ၊ ဣန္ဒြေရင့်ကျက်ပြီးသူ၊ ဣန္ဒြေနုသေးသောသူ၊၂ ကောင်းသော အခြင်းအရာရှိသူ၊ မကောင်းသော အခြင်းအရာရှိသူ၊ သိစေရန် လွယ်ကူသူ၊ သိစေရန် ခက်ခဲသူ၊ တမလွန်လောက အပြစ်တို့ကို ဘေးဟု ရှုလျက်နေလေ့ရှိသူ အချို့နှင့် တမလွန်လောကအပြစ်တို့ကို ဘေးဟု မရှုဘဲ နေ လေ့ရှိသူ အချို့ကို မြင်တော်မူ၏။

ဥပမာသော်ကား ဥပ္ပလကြာ၃တော၌လည်းကောင်း၊ ပဒုမ္မာကြာတော၌လည်းကောင်း၊ ပုဏ္ဍရိက်ကြာ တော၌လည်းကောင်း အချို့သော ဥပ္ပလကြာ, ပဒုမ္မာကြာ, ပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေမှ မပေါ်ထွက်သေးကုန်၊ ရေထဲ၌ မြုပ်၍ ဖွံ့ဖြိုးကုန်၏။ အချို့သော ဥပ္ပလကြာ, ပဒုမ္မာကြာ, ပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေနှင့်အညီ တည်ကုန်၏။ အချို့သော ဥပ္ပလကြာ, ပဒုမ္မာကြာ, ပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေပေါ်သို့ တက်၍ တည်ကုန်၏၊ ရေနှင့် မလိမ်းကပ်ကုန်။

ဤအတူသာလျှင် မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော်မူလတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူ နည်းပါးသူ၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူ များပြားသူ၊ ဣန္ဒြေရင့်ကျက်သူ၊ ဣန္ဒြေနုသေးသူ၊ ကောင်းသော အခြင်းအရာရှိသူ၊ မကောင်းသော အခြင်းအရာရှိသူ၊ သိစေရန် လွယ်ကူသူ၊ သိစေရန် ခက်ခဲသူ၊ တမလွန်လောကအပြစ်တို့ကို ဘေးဟု ရှုလေ့ရှိသူ အချို့နှင့် တမလွန်လောကအပြစ်တို့ကို ဘေးဟု မရှုဘဲ နေလေ့ရှိသူ အချို့တို့ကို မြင်တော်မူသောကြောင့် သဟမ္ပတိဗြဟ္မာအား ဂါထာဖြင့် မိန့်တော်မူ၏—

“ဗြဟ္မာ လေ့လာပြီးသော တရားမြတ်ကို ပင်ပန်းရုံသာဟု အမှတ်ရှိသည် ဖြစ်၍ လူတို့အား မဟောခဲ့ပြီ၊့ (မဟောဘဲနေရန် အကြံ ဖြစ်ခဲ့ပြီ)၊ (ပညာ) တည်းဟူသော နားနှင့် ပြည့်စုံသော သူတို့သည် ယုံကြည်ခြင်း (သဒ္ဓါတရား) ကို စေလွှတ်ကြကုန် လော့၊ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးကို ငါ ဖွင့်ထားပြီ”ဟု (မိန့်တော်မူ၏)။

ထိုအခါ သဟမ္ပတိဗြဟ္မာသည် “မြတ်စွာဘုရားသည် တရားဟောရန် ငါ့အား ခွင့်ပြုတော်မူပြီ”ဟု (သိသဖြင့်) မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေ ပြုပြီးလျှင် ထိုနေရာ၌ပင် ကွယ်သွားလေ၏။

၁။ (က) သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကို သိသော ဣန္ဒြိယပရောပရိယတ္တိဉာဏ်။ (ခ) သတ္တဝါတို့၏ စိတ်ဓာတ်ကိန်းဝပ်ရာ အာသယနှင့်အနုသယကိလေသာတို့ကို သိသော အာသယာနုသယဉာဏ် ဤဉာဏ်နှစ်ပါးကို ဗုဒ္ဓစက္ခုဟုခေါ်သည်။

၂။ အခြားပါဠိတော်များ၌ ဒွါကာရေ ဒုဝိညာပယေ အပ္ပေကစ္စေ န ပရလောကဝဇ္ဇဘယဒဿာဝိနေ ဝိဟရန္တေ ပုဒ်များမပါ။

၃။ ဥပ္ပလ=ကြာဖြူ ကြာနီ ကြာညို။