သံယုတ္တနိကာယ်—၆

၁—ပဌမဝဂ်

၁ဝ—ကောကာလိကသုတ်

၁၈၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ ကောကာလိကရဟန်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား သာရိ ပုတ္တရာ, မောဂ္ဂလာန်တို့သည် အလိုဆိုး ရှိကုန်၏၊ အလိုဆိုး၏ အလိုသို့ လိုက်ကုန်၏”ဟု လျှောက်၏၊ ဤသို့ လျှောက်သည်ရှိသော် မြတ်စွာဘုရားသည် ကောကာလိကအမည်ရှိသော ရဟန်းအား ဤစကားကို မိန့်တော်မူ၏ — “ကောကာလိက ဤသို့ မဆိုလင့်၊ ကောကာလိက ဤသို့ မဆိုလင့်၊ ကောကာလိက သာရိ ပုတ္တရာ, မောဂ္ဂလာန်တို့သည် သီလကို ချစ်မြတ်နိုးကုန်၏၊ သာရိပုတ္တရာ , မောဂ္ဂလာန်တို့၌ စိတ်ကို ကြည် လင်စေလော့”ဟု မိန့်တော်မူ၏။ နှစ်ကြိမ်မြောက်လည်း ကောကာလိကရဟန်းသည် မြတ်စွာဘုရားအား “အသျှင်ဘုရား သာရိပုတ္တရာ, မောဂ္ဂလာန်တို့သည် အလိုဆိုး ရှိကုန်၏၊ အလိုဆိုး၏ အလိုသို့ လိုက်ကုန်၏”ဟု လျှောက်၏၊ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ကောကာလိကရဟန်းအား ဤစကားကို မိန့်တော်မူ၏၊ “ကောကာလိက ဤသို့ မဆိုလင့်၊ ကောကာလိက ဤသို့ မဆိုလင့်၊ ကောကာလိက သာရိ ပုတ္တရာ, မောဂ္ဂလာန်တို့သည် သီလကို ချစ်မြတ်နိုးကုန်၏၊ သာရိပုတ္တရာ, မောဂ္ဂလာန်တို့၌ စိတ်ကို ကြည်လင်စေလော့”ဟု မိန့်တော်မူ၏၊ သုံးကြိမ်မြောက်လည်း ကောကာလိကရဟန်းသည် မြတ်စွာဘုရား အား။ပ။ အလိုဆိုး၏ အလိုသို့ လိုက်ကုန်၏ဟု လျှောက်၏၊ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ကောကာလိကရဟန်းအား။ပ။ သာရိပုတ္တရာ, မောဂ္ဂလာန်တို့သည် သီလကို ချစ်မြတ်နိုးကုန်၏ဟု မိန့်တော်မူ၏။

ထိုအခါ ကောကာလိကရဟန်းသည် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲသွားလေ၏၊ ဖဲသွား၍ မကြာမြင့်မီပင် ကောကာလိကရဟန်းအား မုန်ညင်းစေ့မျှလောက်ရှိကုန်သော အဖုတို့သည် တစ်ကိုယ်လုံး နှံ့၍ ဖြစ်ပေါ်ကုန်၏၊ မုန်ညင်းစေ့ပမာဏမှ ပဲနောက်စေ့မျှလောက်၊ ပဲနောက်စေ့ ပမာဏမှ ကုလားပဲမျှလောက်၊ ကုလားပဲပမာဏမှ ဆီးစေ့မျှလောက်၊ ဆီးစေ့ပမာဏမှ ဆီးသီးမျှလောက်၊ ဆီးသီးပမာဏမှ သျှိသျှားသီးမျှလောက်၊ သျှိသျှားသီးပမာဏမှ ဥသျှစ်သီးနုမျှလောက်၊ ဥသျှစ်သီးနုပမာဏ မှ ဥသျှစ်သီးကြီးမျှလောက် ဖြစ်ကုန်၏။ ဥသျှစ်သီးကြီးမျှလောက်ဖြစ်၍ ပေါက်ကွဲကုန်ပြီးလျှင် ပြည်သွေးတို့ ယိုစီးကုန်၏၊ ထိုအခါ ကောကာလိကရဟန်းသည် ထိုအနာကြောင့်သာလျှင် သေလေ၏၊ သေပြီးသော ကောကာလိကရဟန်းသည် သာရိပုတ္တရာ, အမောဂ္ဂလာန်တို့၌ စိတ်ပြစ်မှားသောကြောင့် ပဒုမငရဲ၌ ဖြစ်လေ၏။

ထိုအခါ သဟမ္ပတိဗြဟ္မာသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ် သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်း ကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား ကောကာလိကရဟန်းသည် သေပါပြီ၊ အသျှင်ဘုရား သေပြီးသော ကောကာ လိကရဟန်းသည် သာရိပုတ္တရာ, မောဂ္ဂလာန်တို့၌ စိတ်ပြစ်မှားမိသောကြောင့် ပဒုမငရဲ၌ ဖြစ်လေ၏”ဟု လျှောက်၏၊ ဤစကားကို လျှောက်ပြီးနောက် သဟမ္ပတိဗြဟ္မာသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရို အသေပြုကာ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

ထို့နောက် မြတ်စွာဘုရားသည် ထိုညဉ့်လွန်သော အခါ ရဟန်းတို့ကို မိန့်တော်မူ၏ — “ရဟန်းတို့ ဤညဉ့်၌ သဟမ္ပတိဗြဟ္မာသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် ငါဘုရားထံသို့ ချဉ်းကပ်၍ ငါ့ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ပြီးသော် ငါ့အား ဤစကားကို လျှောက်၏ — ‘အသျှင်ဘုရား ကောကာ လိကရဟန်းသည် သေပါပြီ၊ အသျှင်ဘုရား သေပြီးသော ကောကာလိကရဟန်းသည် သာရိပုတ္တရာ, မောဂ္ဂလာန်တို့၌ စိတ်ပြစ်မှားမိသောကြောင့် ပဒုမငရဲ၌ ဖြစ်လေ၏’ဟု လျှောက်၏။ ရဟန်းတို့ သဟမ္ပတိ ဗြဟ္မာသည် ဤစကားကို လျှောက်၏၊ ဤစကားကို လျှောက်ပြီး၍ ငါဘုရားကို ရှိခိုး၍ အရိုအသေပြုပြီး လျှင် ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏”ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသည်ရှိသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား ပဒုမငရဲ၌ အသက်အတိုင်းအရှည်သည် အဘယ်မျှ ရှည်ပါသနည်း”ဟု လျှောက်၏၊ ရဟန်း ပဒုမငရဲ၌ အသက်အတိုင်း အရှည်သည် ရှည်လျားလှ၏၊ ထိုပဒုမငရဲ၏ အသက်အတိုင်းအရှည်ကို ဤမျှကုန်သော နှစ်တို့ဟူ၍လည်းကောင်း၊ ဤမျှကုန်သော နှစ်အရာတို့ဟူ၍လည်းကောင်း၊ ဤမျှကုန်သော နှစ်အထောင်တို့ဟူ၍လည်းကောင်း၊ ဤမျှကုန်သော နှစ်အသိန်းတို့ဟူ၍လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်ကူဟု (မိန့်တော်မူ၏)၊ အသျှင် ဘုရား ဥပမာပြုရန် တတ်ကောင်းပါသလောဟု လျှောက်၏၊ “ရဟန်း တတ်ကောင်း၏”ဟု မြတ်စွာဘုရား သည် မိန့်တော်မူ၏။

ရဟန်း ကောသလတိုင်းဖြစ်တို့၁ နှစ်ဆယ်ဝင်သော နှမ်းလှည်းတစ်စီးသည် ရှိရာ၏၊ ယောကျာ်းတစ်ယောက်သည် ထိုနှမ်းလှည်းမှ အနှစ်တစ်ရာ အနှစ်တစ်ရာ လွန်သောအခါ၌ တစ်စေ့ တစ်စေ့သော နှမ်းကို ထုတ်ပစ်ရာ၏၊ ရဟန်း ကောသလတိုင်းဖြစ်တို့နှစ်ဆယ်ဝင်သော ထိုနှမ်းလှည်းသည် ဤလုံ့လဖြင့် လျင် မြန်စွာသာလျှင် ကုန်ခန်းခြင်းသို့ ရောက်ရာ၏၊ တစ်ခုသော အဗ္ဗုဒငရဲသည် ကုန်ခန်းခြင်းသို့ မရောက်ရာ။ ရဟန်း အဗ္ဗုဒငရဲ နှစ်ဆယ်သည် နိရဗ္ဗုဒငရဲ တစ်ခုဖြစ်၏၊ ရဟန်း နိရဗ္ဗုဒငရဲ နှစ်ဆယ်သည် အဗဗငရဲ တစ်ခုဖြစ်၏၊ ရဟန်း အဗဗငရဲ နှစ်ဆယ်သည် အဋဋငရဲ တစ်ခုဖြစ်၏၊ ရဟန်း အဋဋငရဲ နှစ်ဆယ်သည် အဟဟငရဲ တစ်ခုဖြစ်၏၊ ရဟန်း အဟဟငရဲ နှစ်ဆယ်သည် ကုမုဒငရဲ တစ်ခုဖြစ်၏၊ ရဟန်း ကုမုဒငရဲ နှစ်ဆယ်သည် သောဂန္ဓိကငရဲ တစ်ခုဖြစ်၏၊ ရဟန်း သောဂန္ဓိကငရဲ နှစ်ဆယ်သည် ဥပ္ပလငရဲ တစ်ခုဖြစ်၏၊ ရဟန်း ဥပ္ပလငရဲ နှစ်ဆယ်သည် ပုဏ္ဍရိကငရဲ တစ်ခုဖြစ်၏၊ ရဟန်း ပုဏ္ဍရိကငရဲ နှစ်ဆယ်သည် ပဒုမငရဲ တစ်ခုဖြစ်၏။

ရဟန်း ကောကာလိကရဟန်းသည် သာရိပုတ္တရာ , မောဂ္ဂလာန်တို့၌ စိတ်ပြစ်မှားမိသောကြောင့် ပဒုမ ငရဲ၌ ဖြစ်၏ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ် သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီး၍ မြတ်စွာဘုရားသည် ထိုမှနောက်၌ ဤစကား တော်ကို မိန့်တော်မူပြန်၏ —

“ဖြစ်လာသော ယောကျာ်း၏ ပါးစပ်၌ ဓားမနှင့် တူသော ကြမ်းကြုတ်သော စကားသည် ဖြစ်၏၊ လူမိုက်သည် မကောင်းသဖြင့် ဆိုအပ်သော စကားကို ပြောဆို ကာ ယင်းဓားမနှင့် တူသော ကြမ်းကြုတ်သော စကားဖြင့် မိမိကိုယ်ကို ဖြတ်၏။

အကြင်သူသည် ကဲ့ရဲထိုက်သောသူကို ချီးမွမ်း၏၊ ချီးမွမ်းထိုက်သောသူကို ကဲ့ရဲ၏၊ ထိုသူမိုက်သည် ပါးစပ်ဖြင့် အပြစ်ကို ဆည်းပူးသည် မည်၏၊ ထိုသူမိုက်သည် ထို အပြစ်ကြောင့် ချမ်းသာကို မရနိုင်။

ကြွေအန်လောင်းရာတို့၌ မိမိကိုယ်နှင့် တကွ အလုံးစုံသော စည်းစိမ်ဥစ္စာ ဆုံးရှုံးခြင်းသည် အနည်းငယ်မျှ (မပြောပလောက်သော) အပြစ်သာတည်း၊ ကောင်းမြတ် သော တရား (အရဟတ္တဖိုလ်) သို့ ရောက်ပြီးသော သူတို့၌ စိတ်ပြစ်မှားသော ဤ အပြစ်သာလျှင် ကြီးလေးသော အပြစ်မည်၏။

ယုတ်မာသော စကားကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း ဆောက်တည်၍ အရိယာကို ကဲ့ရဲ့သော သူမိုက်သည် တစ်သိန်းသုံးဆယ့်ခြောက်နိရဗ္ဗုဒနှင့် ငါးအဗ္ဗုဒတို့ပတ်လုံး ငရဲသို့ ရောက်ရ၏”ဟု (မိန့်တော်မူ၏)။

ပဌမဝဂ် ပြီး၏။

၁။ တစ်တို့မှာ လေးတင်းရှိသည်။