သံယုတ္တနိကာယ်—၆

၂—ဒုတိယဝဂ်

၁—သနင်္ကုမာရသုတ်

၁၈၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် သပ္ပိနီမြစ်ကမ်းနား၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သနင်္ကုမာရဗြဟ္မာသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ သပ္ပိနီမြစ်ကမ်း တစ်ဝန်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို လျှောက်ထား၏ —

“လူများအပေါင်း၌ အမျိုးအနွယ်ကို စိစစ်လေ့ရှိသော သူတို့တွင် မင်းမျိုးသည် မြတ်၏၊ နတ်လူအပေါင်းတို့တွင် အသိဉာဏ် ‘ဝိဇ္ဇာ’, အကျင့် ‘စရဏ’နှင့် ပြည့်စုံသော သူသည် မြတ်၏”ဟု (လျှောက်၏)။

သနင်္ကုမာရဗြဟ္မာသည် ဤဂါထာကို ရွတ်ဆို လျှောက်ထားသည်ရှိသော် မြတ်စွာဘုရားသည် နှစ်သက် (လက်ခံ) တော်မူ၏၊ ထိုအခါ သနင်္ကုမာရဗြဟ္မာသည် “ငါ့စကား ကို မြတ်စွာဘုရား နှစ်သက် (လက်ခံ) တော်မူ၏”ဟု သိ၍ မြတ်စွာဘုရားကို ရှိခိုးပြီး လျှင် အရိုအသေ ပြုကာ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။