သံယုတ္တနိကာယ်—၆

၂—ဒုတိယဝဂ်

၂—ဒေဝဒတ္တသုတ်

၁၈၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —အခါတစ်ပါး၌ ဒေဝဒတ် (ဝေဠုဝန်ကျောင်းတော်မှ ဂယာသီသသို့) ထွက်ခွာသွား၍ မကြာမြင့်မီ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်း သုံး) နေတော်မူ၏၊ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန် နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဂိဇ္ဈကုဋ်တောင်အလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး ၌ ဤဂါထာကို ရွတ်ဆို လျှောက်ထား၏ —

“ငှက်ပျောပင်ကို ငှက်ပျောသီးသည် ဖျက်ဆီးသကဲ့သို့လည်းကောင်း၊ ဝါးပင်ကို ဝါးသီးသည် ဖျက်ဆီးသကဲ့သို့လည်းကောင်း၊ ကျူပင်ကို ကျုသီးသည် ဖျက်ဆီး သကဲ့သို့လည်းကောင်း၊ ကိုယ်ဝန်သည် အဿတိုရ်မြင်းမကို သတ်ဖြတ်ဖျက်ဆီးသကဲ့ သို့လည်းကောင်း ပူဇော်သက္ကာရသည် သူယုတ်ကို ဖျက်ဆီး၏”ဟု (လျှောက်၏)။