သံယုတ္တနိကာယ်—၆

၂—ဒုတိယဝဂ်

၃—အန္ဓကဝိန္ဒသုတ်

၁၈၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်း အန္ဓကဝိန္ဒရွာ၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အလွန်မှောင်မိုက်သော ညဉ့်အခါ လွင်တီးခေါင်၌ နေတော်မူသည် ဖြစ်၍ မိုးသည်လည်း တစ်ပေါက် တစ်ပေါက် ဆွတ်ဖျန်း၏၊ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ အန္ဓကဝိန္ဒတစ်ရွာလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို ရွတ်ဆို လျှောက်ထား၏ —

“ရဟန်းသည် အစွန်အဖျားကျသော ကျောင်း အိပ်ရာ နေရာတို့ကို မှီဝဲရာ၏၊ သံယောဇဉ် ဆယ်ပါးမှ လွတ်ရန်အလို့ငှါ ကျင့်ရာ၏၊ ထိုကျောင်း အိပ်ရာ နေရာ၌ မွေ့လျော်ခြင်းကို အကယ်၍ မရသည် ဖြစ်အံ့၊ စောင့်ရှောက်သော ကိုယ်စိတ်ရှိသည် ဖြစ်၍ သတိနှင့် ပြည့်စုံလျက် သံဃာ့ဘောင်၌ နေရာ၏။

ဣန္ဒြေကို စောင့်ရှောက်ကာ ရင့်ကျက်သော ပညာ , သတိနှင့် ပြည့်စုံသည်ဖြစ်၍ အိမ်တိုင်း အိမ်တိုင်းသို့ ဆွမ်းခံလှည့်လည်သော ရဟန်းသည် ဝဋ်ဆင်းရဲဘေးမှ လွတ်လိုသော စိတ်ရှိသည်ဖြစ်၍ ဘေးကင်းရာ (နိဗ္ဗာန်) ၌ နှလုံးသွင်းလျက် အစွန် အဖျားကျသော ကျောင်းတို့ကို မှီဝဲရာ၏။

အကြင်အရပ်၌ (ခြင်္သေ့, သစ်ကျား, သစ်ငုတ်စသော) ကြောက်မက်ဖွယ် ဘေးရန်တို့သည်လည်းကောင်း၊ မြွေတို့သည်လည်းကောင်း ရှိကုန်၏။ အလွန်မှောင်မိုက်သော ညဉ့်၌ လျှပ်စစ်ပြက်၏၊ မိုးထစ်ချုန်း၏၊ ထိုအရပ်၌ ရဟန်းသည် ကြက်သီးမွေးညင်း ထခြင်း ကင်းသည် ဖြစ်၍ နေ၏။

ဤစကားကို အကျွန်ုပ်သည် တစ်ဆင့်ကြားဖြင့် စိတ်ကူး၍ ပြောသည် မဟုတ်၊ သေခြင်းသဘောကို စွန့်ပြီးဖြစ်သော ရဟန္တာ တစ်ထောင့်ငါးရာကျော် , အပါယ်သို့ လားမည် မဟုတ်သော သောတာပန်သေက္ခပုဂ္ဂိုလ် တစ်ရာ့တစ်ဆယ် အားလုံးတို့ သည် တစ်ခုသော တရားဒေသနာပွဲ၌ပင် ရှိနေသည်ကို စင်စစ် အကျွန်ုပ်ကိုယ်တိုင် မြင်ရပါ၏။

ဤမှတစ်ပါးသော ဤသတ္တဝါအပေါင်းကား ဝိဝဋ္ဋနိဿိတ ကုသိုလ်ကောင်းမှုအဖို့ ရှိ၏ဟု အကျွန်ုပ်၏ စိတ်ဖြင့် ရေတွက်ခြင်းငှါ မတတ်နိုင်ပါ၊ (အကြောင်းသော်ကား) မုသာဝါဒမှ ကြောက်သောကြောင့်ပါတည်း”ဟု လျှောက်၏။