သံယုတ္တနိကာယ်—၆

၂—ဒုတိယဝဂ်

၄—အရုဏဝတီသုတ်

၁၈၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် — အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ပ။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ် တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —

ရဟန်းတို့ ရှေးက ဖြစ်ဖူးသည်ကား အရုဏဝါမည်သောမင်း ဖြစ်ဖူးလေပြီ၊ ရဟန်းတို့ အရုဏဝါ မင်း၏ အရုဏဝတီမည်သော မင်းနေပြည်သည် ဖြစ်ဖူးပြီ၊ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားသည် အရုဏဝတီ မင်းနေပြည်ကို မှီ၍ (သီတင်းသုံး) နေတော်မူဖူးပြီ၊ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံး စုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားအား အဘိဘူ, သမ္ဘဝအမည်ရှိ သော ကောင်းမြတ်သော သာဝကအစုံ ဖြစ်၏၊ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံ သော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုသိခီမြတ်စွာဘုရားသည် အဘိဘူရဟန်းအား “မကောင်းမှုကို အပပြုပြီးသော ရဟန်း သွားကြစို့၊ တစ်ခုသော ဗြဟ္မာ့ဘုံသို့ ဆွမ်းစားချိန်တိုင်အောင် ချဉ်းကပ်ကြကုန်စို့”ဟု မိန့်တော်မူ၏၊ ရဟန်းတို့ အဘိဘူရဟန်းသည် “အသျှင်ဘုရား ကောင်းလှပါပြီ”ဟု ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီ မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏၊ ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားသည်လည်းကောင်း၊ အဘိဘူရဟန်းသည်လည်းကောင်း ခွန်အားရှိသော ယောကျာ်းသည် ကွေးသော လက်ရုံးကို ဆန့်တန်း သကဲ့သို့လည်းကောင်း၊ ဆန့်တန်းသော လက်ရုံးကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အရုဏ ဝတီ မင်းနေပြည်တော်မှ ကွယ်ခဲ့ကုန်၍ ထိုဗြဟ္မာ့ပြည်၌ ထင်ရှားဖြစ်ကုန်၏၊

ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားသည် အဘိဘူရဟန်းကို မိန့်တော်မူ၏ — “မကောင်းမှုကို အပပြု ပြီးသော ရဟန်း ဗြဟ္မာအားလည်းကောင်း၊ ဗြဟ္မာပရိသတ်အားလည်းကောင်း၊ အလုပ်အကျွေး ဗြဟ္မာတို့ အားလည်းကောင်း တရားဟောခြင်းသည် သင်၏ ဉာဏ်၌ ထင်စေလော့”ဟု မိန့်တော်မူ၏။ ရဟန်းတို့ အဘိဘူရဟန်းသည် “အသျှင်ဘုရား ကောင်းပါပြီ”ဟု ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားအား ဝန်ခံပြီး၍ ဗြဟ္မာတို့ကိုလည်းကောင်း၊ ဗြဟ္မာပရိသတ်ကိုလည်းကောင်း၊ အလုပ်အကျွေး ဗြဟ္မာတို့ကိုလည်းကောင်း (တရားစကားဖြင့်) အကျိုးစီးပွားကို ပြလျက် (တရားကို) ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေ၏။ ရဟန်းတို့ ထိုအခါ၌ ဗြဟ္မာသည်လည်းကောင်း၊ ဗြဟ္မာပရိသတ်သည်လည်းကောင်း၊ အလုပ်အကျွေး ဗြဟ္မာတို့သည်လည်းကောင်း “အချင်းတို့ အံ့ဖွယ်ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ အဘယ့် ကြောင့်လျှင် တပည့်သာဝကသည် ဆရာဖြစ်သော မြတ်စွာဘုရား၏ မျက်မှောက်၌ တရားဟောဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ ပြစ်တင် ပြောဆိုကုန်၏။

ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားသည် အဘိဘူရဟန်းကို မိန့်တော်မူ၏ — “မကောင်းမှုကို အပပြု ပြီးသော ရဟန်း ဗြဟ္မာအားလည်းကောင်း၊ ဗြဟ္မာပရိသတ်အားလည်းကောင်း၊ အလုပ်အကျွေး ဗြဟ္မာတို့ အားလည်းကောင်း “အချင်းတို့ အံ့ဖွယ်ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ အဘယ့်ကြောင့် လျှင် တပည့်သာဝကသည် ဆရာဖြစ်သော မြတ်စွာဘုရား၏ မျက်မှောက်၌ တရားဟောဘိသနည်း”ဟု ကဲ့ရဲ့ကုန်၏၊ မကောင်းမှုကို အပပြုပြီးသော ရဟန်း ထိုသို့ကဲ့ရဲ့ကုန်မူကား သင်သည် အတိုင်းထက်အလွန် ဗြဟ္မာကိုလည်းကောင်း၊ ဗြဟ္မာပရိသတ်ကိုလည်းကောင်း၊ အလုပ်အကျွေး ဗြဟ္မာတို့ကိုလည်းကောင်း ထိတ် လန့်စေလော့”ဟု မိန့်တော်မူ၏။ ရဟန်းတို့ အဘိဘူရဟန်းသည် “အသျှင်ဘုရား ကောင်းပါပြီ”ဟု ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားအား ဝန်ခံပြီး၍ ထင်ရှားမြင်ရသော ကိုယ်ဖြင့်လည်း တရားကို ဟော၏၊ ထင်ရှား မမြင်ရသော ကိုယ်ဖြင့်လည်း တရားကို ဟော၏၊ ထင်ရှားမြင်ရသော အောက်ထက်ဝက်သော ကိုယ်ဖြင့်လည်းကောင်း၊ ထင်ရှား မမြင်ရသော အထက်ထက်ဝက်သော ကိုယ်ဖြင့်လည်းကောင်း တရားကို ဟော၏။ ထင်ရှားမြင်ရ သော အထက်ထက်ဝက်သော ကိုယ်ဖြင့်လည်းကောင်း၊ ထင်ရှား မမြင်ရသော အောက်ထက်ဝက်သော ကိုယ်ဖြင့်လည်းကောင်း တရားကို ဟော၏။

ရဟန်းတို့ ထိုအခါ ဗြဟ္မာသည်လည်းကောင်း၊ ဗြဟ္မာပရိသတ်သည်လည်းကောင်း၊ အလုပ်အကျွေး ဗြဟ္မာသည်လည်းကောင်း “အချင်းတို့ ရဟန်း၏ ကြီးသော တန်ခိုးရှိသည်၏အဖြစ် ကြီးသော အာနုဘော် ရှိသည်၏ အဖြစ်သည် အံ့ဖွယ်ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား”ဟု အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ့ဖြစ်သော စိတ်သဘောတို့သည် ဖြစ်ကုန်၏။

ထိုအခါ၌ အဘိဘူရဟန်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားအား “အသျှင်ဘုရား အကျွန်ုပ်သည် ‘ငါ့သျှင်တို့ ငါသည် ဗြဟ္မာပြည်၌ ရပ်တည်လျက် လောကဓာတ်တစ်ထောင်ကို အသံဖြင့် သိစေခြင်းငှါ စွမ်းနိုင်ပါ၏’ဟု ရဟန်း အပေါင်း၏ အလယ်၌ ဤသို့ သဘောရှိသော စကားကို လျှောက်ဖူးသည်ကို သိပါသည်”ဟု လျှောက်၏၊ မကောင်းမှုကို အပပြုပြီးသော ရဟန်း သင်သည် ဗြဟ္မာ့ပြည်၌ ရပ်တည်လျက် လောကဓာတ်တစ်ထောင်ကို အသံဖြင့် သိစေရန် အချိန်တန်ပြီ၊ သိစေရန် အခါတန်ပြီဟု မိန့်တော်မူ၏၊ ရဟန်းတို့ အဘိဘူရဟန်းသည် “အသျှင်ဘုရား ကောင်းပါပြီ”ဟု ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားအား ဝန်ခံပြီး၍ ဗြဟ္မာ့ပြည်၌ ရပ်တည်လျက် ဤဂါထာတို့ကို ရွတ်ဆို၏ —

“မြတ်စွာဘုရားသာသနာတော်၌ အားထုတ်ကြကုန်လော့၊ ထွက်မြောက်ကြောင်း လုံ့လကို ပြုကုန်လော့၊ ဘာဝနာနှင့် ယှဉ်သော လုံ့လကို ကြိုးပမ်းကြကုန်လော့၊ ‘ဆင်ပြောင်ကြီးသည် ကျူအိမ်ကို ဖျက်ဆီးသကဲ့သို့’ သေမင်း၏ စစ်သည်ကို ချေ ဖျက်ကြကုန်လော့။

အကြင်သူသည် ဤဓမ္မဝိနယ (သာသနာတော်) ၌ မမေ့မလျော့သည် ဖြစ်၍ နေ လတ္တံ့၊ ထိုသူသည် ပဋိသန္ဓေနေခြင်းဟု ဆိုအပ်သော သံသရာကို ပယ်၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့”ဟု ရွတ်ဆို၏။

ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားသည်လည်းကောင်း၊ အဘိဘူရဟန်းသည်လည်းကောင်း ဗြဟ္မာကိုလည်းကောင်း၊ ဗြဟ္မာပရိသတ်ကိုလည်းကောင်း၊ အလုပ်အကျွေးဗြဟ္မာတို့ကိုလည်းကောင်း ထိတ်လန့်စေပြီး ၍။ပ။ ထိုဗြဟ္မာပြည်မှ ကွယ်ခဲ့ကုန်၍ အရုဏဝတီမင်းနေပြည်တော်၌ ထင်ရှားဖြစ်ကုန်၏၊ ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏— “ရဟန်းတို့ ဗြဟ္မာ့ပြည်၌ တည်ရှိနေစဉ် ဟောသော အဘိဘူရဟန်း၏ ဂါထာတို့ကို သင်တို့ ကြားကြကုန်၏လောဟု (မိန့်တော်မူ၏)၊ “အသျှင်ဘုရား ဗြဟ္မာ့ ပြည်၌ တည်ရှိနေစဉ် ဟောသော အဘိဘူရဟန်း၏ ဂါထာတို့ကို အကျွန်ုပ်တို့ ကြားပါကုန်၏”ဟု လျှောက် ကုန်၏၊ ရဟန်းတို့ ဗြဟ္မာ့ပြည်၌ တည်ရှိနေစဉ် ဟောသော အဘိဘူရဟန်း၏ ဂါထာတို့ကို သင်တို့ အဘယ်သို့လျှင် ကြားကုန်သနည်းဟု (မေးတော်မူ၏)၊ အသျှင်ဘုရား ဗြဟ္မာ့ပြည်၌ တည်ရှိနေစဉ် ဟော သော အဘိဘူရဟန်း၏ ဂါထာတို့ကို အကျွန်ုပ်တို့သည် ဤသို့ ကြားပါကုန်၏ —

“မြတ်စွာဘုရားသာသနာတော်၌ အားထုတ်ကြကုန်လော့၊ ထွက်မြောက်ကြောင်း လုံ့လကို ပြုကြကုန်လော့၊ ဘာဝနာနှင့် ယှဉ်သော လုံ့လကို ကြိုးပမ်းကြကုန်လော့၊ ‘ဆင်ပြောင်ကြီးသည် ကျူအိမ်ကို ဖျက်ဆီးသကဲ့သို့’ သေမင်း၏ စစ်သည်ကို ချေ ဖျက်ကြကုန်လော့။

အကြင်သူသည် ဤဓမ္မဝိနယ (သာသနာတော်) ၌ မမေ့မလျော့သည်ဖြစ်၍ နေလတ္တံ့၊ ထိုသူသည် ပဋိသန္ဓေနေခြင်းဟု ဆိုအပ်သော သံသရာကို ပယ်စွန့်၍ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့”ဟု ကြားရပါကုန်၏။

အသျှင်ဘုရား အကျွန်ုပ်တို့သည် ဗြဟ္မာ့ပြည်၌ တည်ရှိနေစဉ် ဟောသော အဘိဘူရဟန်း၏ ဂါတာ တို့ကို ဤအတိုင်း ကြားရပါကုန်၏ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ ကောင်းပေစွ ကောင်းပေစွ၊ ရဟန်းတို့ ဗြဟ္မာ့ပြည်၌ တည်ရှိနေစဉ် ဟောသော အဘိဘူရဟန်း၏ ဂါထာတို့ကို သင်တို့ ကြားကုန်သည်ကား ကောင်းသည်သာလျှင်တည်း။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်သက်ဝမ်းမြောက်ကြကုန်ပြီ။