သံယုတ္တနိကာယ်—၆

၂—ဒုတိယဝဂ်

၅—ပရိနိဗ္ဗာနသုတ်

၁၈၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုခါးနီးအချိန် ကုသိနာရုံပြည် အကွေ့ မလ္လာမင်းတို့ အင်ကြင်းဥယျာဉ်တော အင်ကြင်းပင်ပျိုတို့၏ အကြား၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏— “ရဟန်းတို့ သင်တို့အား ယခု (ငါ) မိန့်မှာတော်မူခဲ့အံ့၊ ပြုပြင်အပ်သော ‘သင်္ခါရ’တရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏၊ မမေ့မလျော့သော ‘သတိတရား’ဖြင့် ကိစ္စပြီးစီးအောင် အားထုတ်ကြကုန်လော့”ဟု မိန့်တော်မူ၏။ ဤကား မြတ်စွာဘုရား၏ နောက်ဆုံးမိန့်ခွန်း တော်ပေတည်း။

ထို့နောက် မြတ်စွာဘုရားသည် ပဌမဈာန်ကို ဝင်စားတော်မူ၏၊ ပဌမဈာန်မှ ထတော်မူ၍ ဒုတိယ ဈာန်ကို ဝင်စားတော်မူ၏၊ ဒုတိယဈာန်မှ ထတော်မူ၍ တတိယဈာန်ကို ဝင်စားတော်မူ၏၊ တတိယဈာန်မှ ထတော်မူ၍ စတုတ္ထဈာန်ကို ဝင်စားတော်မူ၏၊ စတုတ္ထဈာန်မှ ထတော်မူ၍ အာကာသာနဉ္စာယတနဈာန်ကို ဝင်စားတော်မူ၏၊ အာကာသာနဉ္စာယတနဈာန်မှ ထတော်မူ၍ ဝိညာဏဉ္စာယတနဈာန်ကို ဝင်စားတော်မူ၏၊ ဝိညာဏဉ္စာယတနဈာန်မှ ထတော်မူ၍ အာကိဉ္စညာယတနဈာန်ကို ဝင်စားတော်မူ၏၊ အာကိဉ္စညာယတန ဈာန်မှ ထတော်မူ၍ နေဝသညာနာသညာယတနဈာန်ကို ဝင်စားတော်မူ၏၊ နေဝသညာနာသညာယတနဈာန် မှ ထတော်မူ၍ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စားတော်မူ၏။

သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်မှ ထတော်မူ၍ နေဝသညာနာသညာယတနဈာန်ကို ဝင်စားတော်မူ၏၊ နေဝသညာနာသညာယတနဈာန်မှ ထတော်မူ၍ အာကိဉ္စညာယတနဈာန်ကို ဝင်စားတော်မူ၏၊ အာကိဉ္စညာယတနဈာန်မှ ထတော်မူ၍ ဝိညာဏဉ္စာယတနဈာန်ကို ဝင်စားတော်မူ၏၊ ဝိညာဏဉ္စာ ယတနဈာန်မှ ထတော်မူ၍ အာကာသာနဉ္စာယတနဈာန်ကို ဝင်စားတော်မူ၏၊ အာကာသာနဉ္စာယတနဈာန်မှ ထတော်မူ၍ စတုတ္ထဈာန်ကို ဝင်စားတော်မူ၏၊ စတုတ္ထဈာန်မှ ထတော်မူ၍ တတိယဈာန်ကို ဝင်စားတော်မူ၏၊ တတိယဈာန်မှ ထတော်မူ၍ ဒုတိယဈာန်ကို ဝင်စားတော်မူ၏၊ ဒုတိယဈာန်မှ ထတော်မူ၍ ပဌမဈာန်ကို ဝင်စားတော်မူ၏။

ပဌမဈာန်မှ ထတော်မူ၍ ဒုတိယဈာန်ကို ဝင်စားတော်မူ၏၊ ဒုတိယဈာန်မှ ထတော်မူ၍ တတိယဈာန် ကို ဝင်စားတော်မူ၏၊ တတိယဈာန်မှ ထတော်မူ၍ စတုတ္ထဈာန်ကို ဝင်စားတော်မူ၏၊ စတုတ္ထဈာန်မှ ထ တော်မူပြီးသည်၏ အခြားမဲ့၌ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူ၏၊ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြု တော်မူသည်ရှိသော် ပရိနိဗ္ဗာန်ပြုသည်နှင့် တစ်ပြိုင်နက် သဟမ္ပတိဗြဟ္မာသည် ဤဂါထာကို ရွတ်ဆို၏—

“အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်စွာ သိတော်မူသော အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော ဤသို့သော ဆရာသခင် အတုမဲ့ ဘုရားရှင်သော်လည်း အကြင် လောက၌ ပရိနိဗ္ဗာန်ပြုတော်မူရချေသေး၏၊ ထိုလောကထဲ၌ အားလုံးရှိသမျှ သတ္ထဝါတို့သည် ရုပ်နာမ်အစု အတ္တဘောကို စွန့်ပစ်ကြရကုန်မည်ချည်းသာတည်း”ဟု ရွတ် ဆို၏။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည် ရှိသော် ပရိနိဗ္ဗာန်ပြုသည်နှင့် တစ်ပြိုင်နက် နတ်တို့ အရှင် သိကြားမင်းသည် ဤဂါထာကို ရွတ်ဆို၏—

“ပြုပြင်အပ်သော သင်္ခါရတရားတို့သည် ဖြစ်ခြင်း , ပျက်ခြင်းသဘောရှိကုန်သည် ဖြစ်၍ မမြဲလေကုန်စွတကား၊ ဖြစ်ပေါ်ပြီးနောက် ချုပ်ပျောက်လေကုန်စွတကား၊ ထို သင်္ခါရတရားတို့၏ ငြိမ်းခြင်းသည်သာလျှင် ချမ်းသာပေလိမ့်တကား”ဟု (ရွတ်ဆို၏)။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် ပရိနိဗ္ဗာန်ပြုသည်နှင့် တစ်ပြိုင်နက် အသျှင်အာနန္ဒာ သည် ဤဂါထာကို ရွတ်ဆို၏—

“မွန်မြတ်သော ဂုဏ်တော်အားလုံးတို့နှင့် ပြည့်စုံတော်မူသော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူ လတ်သော် ထိုအခိုက်ဝယ် ကြောက်မက်ဖွယ် (မြေလှုပ်ခြင်း) သည် ဖြစ်လေပြီး တကား၊ ကြက်သီးမွေးညင်း ထစေတတ်သော (မြေလှုပ်ခြင်း) သည် ဖြစ်လေပြီး တကား”ဟု (ရွတ်ဆို၏)။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် ပရိနိဗ္ဗာန်ပြုသည်နှင့် တစ်ပြိုင်နက် အသျှင်အနုရုဒ္ဓါ သည် ဤဂါထာတို့ကို ရွတ်ဆို၏—

“တဏှာကင်းတော်မူသော စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား သည် ငြိမ်းအေးသော နိဗ္ဗာန်သို့ (ကြွရန်) ရည်စူး၍ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ၊ (ထို့ကြောင့်) စိတ်ဓာတ် ကြံ့ခိုင်၍ ကောင်းဆိုးနှစ်ပါးကို အတူထားလျက် ရှုတော်မူ နိုင်သော မြတ်စွာဘုရား၏ ထွက်လေဝင်လေ မရှိတော့ပြီတကား။

(မြတ်စွာဘုရားသည်) ညှိုးငယ်ခြင်း မရှိသော စိတ်ဖြင့် ဝေဒနာကို သည်းခံတော်မူလေပြီ၊ ထိုမြတ်စွာဘုရား၏ စိတ်တော်သည် ‘ဆီမီးလျှံ ငြိမ်းသကဲ့သို့ပင်’ (ချုပ် ငြိမ်း) လွတ်မြောက်တော်မူလေပြီးတကား”ဟု ရွတ်ဆို၏။

ဒုတိယဝဂ် ပြီး၏။

ဗြဟ္မသံယုတ် ပြီး၏။