သံယုတ္တနိကာယ်—၆

၁—ပဌမဝဂ်

၂—ဂါရဝသုတ်

၁၇၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရှေးဦးစွာဘုရားဖြစ်တော်မူပြီးစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်း ဆိတ်ကျောင်းညောင်ပင်ရင်း၌ (သီတင်းသုံး) နေ တော်မူ၏၊ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းနေတော်မူသော မြတ်စွာဘုရား အား ဤသို့ စိတ်အကြံသည် ထင်ရှားဖြစ်၏— “ရိုသေရာ မှီခိုရာ မရှိဘဲ နေရခြင်းသည် ဆင်းရဲ၏၊ ငါသည် အဘယ်သို့သော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း အရိုအသေ အလေးအမြတ် အမှီသဟဲပြုလျက် နေရပါအံ့နည်း”ဟု အကြံ ဖြစ်၏။

ထို့နောက် မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်ပြန်၏— “ငါသည် မပြည့်စုံသေးသော သီလအစုကို ပြည့်စုံစေခြင်းငှါ အခြားသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း အရိုအသေ အလေးအမြတ် အမှီသဟဲပြုလျက် နေရာ၏၊ စင်စစ်သော်ကား အရိုအသေ အလေးအမြတ် အမှီသဟဲပြုလျက် နေနိုင်လောက်သော မိမိထက် အထူးသဖြင့် သီလနှင့် ပြည့်စုံသည့် ငါမှ တစ်ပါး အခြား သော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ ငါ မမြင်။

မပြည့်စုံသေးသော သမာဓိအစုကို ပြည့်စုံစေခြင်းငှါ အခြားသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း အရိုအသေ အလေးအမြတ် အမှီသဟဲပြုလျက် နေရာ၏၊ စင်စစ်သော်ကား အရိုအသေ အလေးအမြတ် အမှီသဟဲပြုလျက် နေနိုင်လောက်သော မိမိထက် အထူးသဖြင့် သမာဓိနှင့် ပြည့်စုံသည့် ငါမှ တစ်ပါး အခြားသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့ လောက၌ ငါ မမြင်။

မပြည့်စုံသေးသော ပညာအစုကို ပြည့်စုံစေခြင်းငှါ အခြားသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း အရိုအသေ အလေးအမြတ် အမှီသဟဲပြုလျက် နေရာ၏၊ စင်စစ်သော်ကား အရိုအသေ အလေးအမြတ် အမှီသဟဲပြုလျက် နေနိုင်လောက်သော မိမိထက် အထူးသဖြင့် ပညာနှင့် ပြည့် စုံသည့် ငါမှ တစ်ပါး အခြားသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့ လောက၌ ငါ မမြင်။

မပြည့်စုံသေးသော ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်အစုကို ပြည့်စုံစေခြင်းငှါ အခြားသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း အရိုအသေ အလေးအမြတ် အမှီသဟဲပြု လျက် နေရာ၏၊ စင်စစ်သော်ကား အရိုအသေ အလေးအမြတ် အမှီသဟဲပြုလျက် နေနိုင်လောက်သော မိမိထက် အထူးသဖြင့် ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်နှင့် ပြည့်စုံသည့် ငါမှ တစ်ပါး အခြား သော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ ငါ မမြင်။

မပြည့်စုံသေးသော ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်ကို သိမြင်တတ်သည့် ပစ္စဝေက္ခဏာ ဉာဏ်ကို ပြည့်စုံစေခြင်းငှါ အခြားသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း အရိုအသေ အလေးအမြတ် အမှီသဟဲပြုလျက် နေရာ၏၊ စင်စစ်သော်ကား အရိုအသေ အလေးအမြတ် အမှီသဟဲပြုလျက် နေနိုင်လောက်သော မိမိထက် အထူးသဖြင့် ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ် ကို သိမြင်တတ်သည့် ပစ္စဝေက္ခဏာဉာဏ်နှင့် ပြည့်စုံသည့် ငါမှ တစ်ပါး အခြားသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်း နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ ငါ မမြင်။

ငါသည် အကြင်လောကုတ္တရာတရားကို ထိုးထွင်း၍ သိ၏၊ ငါသည် ထိုတရားကိုသာလျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြုလျက် နေရမူကား ကောင်းလေစွ”ဟု ဤသို့သော အကြံသည် ဖြစ်၏။

ထိုအခါ သဟမ္ပတိဗြဟ္မာသည် မြတ်စွာဘုရား၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ ခွန်အားရှိသော ယောကျာ်းသည် ကွေးသော လက်ရုံးကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်ရုံးကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် ဗြဟ္မ္မာ့ဘုံမှ ကွယ်ခဲ့၍ မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားဖြစ်၏၊ ထိုအခါ သဟမ္ပတိဗြဟ္မာသည် အပေါ်ရုံကို ပခုံးတစ်ဖက်၌ တင်လျက် မြတ်စွာဘုရားသို့ လက်အုပ်ချီပြီးလျှင် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ —

“ဘုန်းကြီးတော်မူသော မြတ်စွာဘုရား ဤအကြံသည် ဤအတိုင်း မှန်လှပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအကြံသည် ဤအတိုင်း မှန်လှပါ၏၊ အသျှင်ဘုရား လွန် လေပြီးသော အတိတ်အခါတို့၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော အကြင်မြတ်စွာဘုရားတို့သည်လည်း ပွင့်တော်မူကုန်၏၊ ထိုမြတ်စွာဘုရားတို့သည်လည်း တရားကိုသာလျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြုလျက် နေတော်မူကြကုန်၏။

အသျှင်ဘုရား လာလတ္တံ့သော အနာဂတ်အခါတို့၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော အကြင် မြတ်စွာဘုရားတို့သည်လည်း ပွင့်တော်မူကုန်လတ္တံ့၊ ထိုမြတ်စွာဘုရားတို့သည်လည်း တရားကိုသာလျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြုလျက် နေတော်မူကုန်လတ္တံ့။ အသျှင်ဘုရား ယခုပစ္စုပ္ပန်အခါ၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း တရားကိုသာလျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြုလျက် နေတော်မူပါ လော့”ဟု ဤစကားကို လျှောက်၏၊ ဤစကားကို လျှောက်ပြီးလျှင် ထိုမှ တစ်ပါးသော ဤစကားကို လျှောက်ပြန်၏ —

“အတိတ်၌ ပွင့်တော်မူပြီးသော မြတ်စွာဘုရားတို့သည်လည်းကောင်း၊ အနာဂတ်၌ ပွင့်တော်မူလတ္တံ့သော မြတ်စွာဘုရားတို့သည်လည်းကောင်း၊ များစွာသော သတ္တဝါတို့၏ ပူဆွေးခြင်းကို ဖျောက်တတ်သော ယခုပစ္စုပ္ပန်၌ ပွင့်ဆဲမြတ်စွာဘုရားသည်လည်းကောင်း ရှိ၏။

အလုံးစုံသော မြတ်စွာဘုရားတို့သည် သူတော်ကောင်းတရားကို အလေးအမြတ် ပြုကုန်သည်ဖြစ်၍ နေတော်မူကုန်ပြီ၊ နေတော်မူကုန်ဆဲ၊ နေတော်မူကုန်လတ္တံ့၊ ဤသို့ နေခြင်းသည်ကား မြတ်စွာဘုရားတို့၏ သဘောဓမ္မတာတည်း။

ထို့ကြောင့်သာလျှင် အကျိုးစီးပွားကို အလိုရှိသော သူသည် ကြီးမြတ်သည်၏ အဖြစ်ကို တောင့်တသည်ဖြစ်၍ မြတ်စွာဘုရားတို့၏ အဆုံးမတော်ကို အောက်မေ့ လျက် သူတော်ကောင်းတရားကို အလေးပြုအပ်သတည်း”ဟု လျှောက်ပြန်၏။