သံယုတ္တနိကာယ်—၆

၁—ပဌမဝဂ်

၃—ဗြဟ္မဒေဝသုတ်

၁၇၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် — အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ တစ်ယောက် သော ပုဏ္ဏေးမ၏ ဗြဟ္မဒေဝမည်သော သားသည် မြတ်စွာဘုရား၏ အထံ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြု၏။

ထိုအခါ အသျှင်ဗြဟ္မဒေဝသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာ အားထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် မကြာမီပင် အရဟတ္တဖိုလ် အကျိုးငှါ ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) သော အမျိုးသားများ လိုလားအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏၊ အသျှင်ဗြဟ္မဒေဝသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။

ထိုအခါ အသျှင်ဗြဟ္မဒေဝသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူ ပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်လေ၏၊ သာဝတ္ထိပြည်၌ အိမ်စဉ်အတိုင်း ဆွမ်းခံလှည့်လည်သည်ရှိသော် မိမိ၏ အမိအိမ်သို့ ချဉ်းကပ်၏၊ ထိုအခါ အသျှင်ဗြဟ္မဒေဝ၏ အမိ ပုဏ္ဏေးမသည် ဗြဟ္မာအား အမြဲပသဖွယ် နို့ကို တင်ကိုးပသ၏ ( ‘ပူဇော်ပသ၏’၊) ထိုအခါ သဟမ္ပတိဗြဟ္မာကြီးအား ဤသို့သော အကြံ ဖြစ်၏ — “အသျှင်ဗြဟ္မဒေဝ၏ အမိဖြစ်သော ဤပုဏ္ဏေးမသည် ဗြဟ္မာအား အမြဲပသဖွယ် နို့ကို တင်ကိုးပသနေ၏ ( ‘ပူဇော်ပသနေ၏’၊) ငါသည် ထိုပုဏ္ဏေးမသို့ ချဉ်းကပ်၍ ထိတ်လန့်စေရမူကား ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထို့နောက် သဟမ္ပတိဗြဟ္မာသည် ခွန်အားရှိသော ယောကျာ်းသည် ကွေးသော လက်ရုံးကို ဆန့် သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်ရုံးကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင်လျှင် ဗြဟ္မာ့ပြည် မှ ကွယ်ခဲ့၍ အသျှင်ဗြဟ္မဒေဝ၏ အမိအိမ်၌ ထင်ရှားဖြစ်၏၊ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ကောင်းကင်၌ ရပ်လျက် အသျှင်ဗြဟ္မဒေဝ၏ အမိဖြစ်သော ပုဏ္ဏေးမကို ဂါထာဖြင့် ရွတ်ဆိုပြောကြား၏ —

“ပုဏ္ဏေးမ အကြင်ဗြဟ္မာအား အမြဲပသဖွယ် နို့ကို တင်ကိုးပသ၏ ( ‘ပူဇော် ပသ၏’၊) ထိုဗြဟ္မာ၏ ဗြဟ္မာ့ပြည်သည် ဤလူ့ပြည်မှ ဝေးလှ၏၊ ပုဏ္ဏေးမ ဤသို့ သဘောရှိသော ပသဖွယ်သည် ဗြဟ္မာ၏ အစာမဟုတ်၊ ဗြဟ္မာတို့၏ ဖြစ်ကြောင်းကို မသိဘဲ အဘယ့်ကြောင့် ယောင်ယမ်း မြည်တမ်းဘိသနည်း။

ပုဏ္ဏေးမ သင့်သားဖြစ်သော ထိုဗြဟ္မဒေဝထေရ်သည်သာလျှင် (ကိလေသာ) ဥပဓိ ကင်း၏၊ နတ်ဗြဟ္မာတို့ထက် လွန်သော နတ်ဗြဟ္မာ၏ အဖြစ်သို့ ရောက်၏၊ ကြောင့် ကြခြင်း မရှိသော သူတစ်ပါးတို့ကို မမွေးမြူတတ်သည့် ရဟန်းတည်း၊ ထိုဗြဟ္မဒေဝ သည် ဆွမ်းအလို့ငှါ သင်၏ အိမ်သို့ ဝင်၏။

ဆောင်ယူလာသော အလှူကို ခံထိုက်၏၊ မဂ်ပညာဖြင့် ဆင်းရဲ၏ အဆုံးသို့ ရောက်၏၊ မိမိကိုယ်ကို ပွားများလေ့လာပြီး ဖြစ်၏၊ လူနတ်တို့၏ မြတ်သောအလှူကို ခံထိုက်၏၊ မကောင်းမှုတို့ကို အပပြုသောကြောင့် (တဏှာစသည်တို့ဖြင့်) မလိမ်း ကျံ၊ အေးချမ်းသာယာစွာ ဖြစ်လျက် အစာ ရှာမှီး၏။

ထိုဗြဟ္မဒေဝရဟန်းအား နောက်အဖို့ ရှေ့အဖို့ မရှိ၊ ငြိမ်သက်၏၊ အမျက်တည်း ဟူသော အခိုးကင်း၏၊ ဆင်းရဲမရှိ၊ ကပ်ငြိခြင်းမရှိ၊ ထိတ်လန့်တတ်သူနှင့် ကြံ့ခိုင်, ရဲရင့်သူတို့၌ တုတ်လက်နက်ကို ပယ်ချထားပြီး ဖြစ်၏၊ ထိုဗြဟ္မဒေဝသည် သင်၏ ပသဖွယ်ဆွမ်းဦး, ဆွမ်းမြတ်ကို ဘုဉ်းပေးပါစေလော့။

ကိလေသာစစ်သည် ကင်းသည်သာဖြစ်သော ငြိမ်းအေးပြီးသော စိတ်ရှိသော ဗြဟ္မဒေဝရဟန်းသည် တဏှာကင်းသည် ဖြစ်၍ ‘ယဉ်ကျေးသော ဆင်ပြောင်ကဲ့သို့’ သွားလာ၏၊ ကောင်းသော သီလရှိသော (ကိလေသာတို့မှ) ကောင်းစွာ လွတ်မြောက် သည့် အရဟတ္တဖိုလ်စိတ်ရှိသော ထိုဗြဟ္မဒေဝရဟန်းသည် သင်၏ ပသဖွယ်ဖြစ်သော ဆွမ်းဦး, ဆွမ်းမြတ်ကို ဘုဉ်းပေးပါစေလော့။

မြတ်သော အလှူကို ခံထိုက်သော ထိုဗြဟ္မဒေဝရဟန်း၌ ကြည်ညိုကာ တုန်လှုပ်ခြင်း မရှိမူ၍ မြတ်သော အလှူကို တည်ပါစေလော့၊ ပုဏ္ဏေးမ သြဃလေးပါးမှ ကူးမြောက်ပြီးသော ဗြဟ္မဒေဝရဟန်းကို ဖူးမြင်၍ နောက်အခါ၌ ချမ်းသာသော အကျိုးကို ဆောင်တတ်သော ကောင်းမှုကို ပြုပါလော့”ဟု (ရွတ်ဆို၏)။

ပုဏ္ဏေးမသည် မြတ်သော အလှူခံထိုက်သော ထိုဗြဟ္မဒေဝရဟန်း၌ ကြည်ညိုကာ တုန်လှုပ်ခြင်း မရှိမူ၍ မြတ်သော အလှူကို တည်စေပြီ၊ သြဃလေးပါးမှ ကူးမြောက် ပြီးသော ဗြဟ္မဒေဝရဟန်းကို ဖူးမြင်၍ နောက်အခါ၌ ချမ်းသာသော အကျိုးကို ဆောင်တတ်သော ကောင်းမှုကို ပြုပြီ။