သံယုတ္တနိကာယ်—၆

၁—ပဌမဝဂ်

၄—ဗကဗြဟ္မာသုတ်

၁၇၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် — အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ၌ ဗကဗြဟ္မာ အား ဤသို့ သဘောရှိသော ယုတ်ညံ့သော (သဿတဒိဋ္ဌိ) အယူ ဖြစ်၏ — “ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ ပြည်သည်) ကား မြဲ၏၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား ခိုင်ခံ့၏၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား အခါခပ်သိမ်း ရှိ၏၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား မပြတ်မစဲ တစ်ဆက်တည်း တည်၏၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား ရွေ့လျောခြင်းသဘောမရှိ။ မှန်၏၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား ပဋိသန္ဓေနေခြင်း မရှိ၊ အိုခြင်း မရှိ၊ သေခြင်းမရှိ၊ ရွေ့လျောခြင်း မရှိ၊ တစ်ဖန်ဖြစ်ခြင်းသဘော မရှိ၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်) မှ တစ်ပါး အခြား လွန်ကဲသော ထွက်မြောက်ရာ မရှိ”ဟု (အယူဖြစ်၏)။

ထိုအခါ မြတ်စွာဘုရားသည် ဗကဗြဟ္မာ၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ ခွန်အားရှိသော ယောကျာ်းသည် ကွေးသော လက်ရုံးကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်ရုံးကို ကွေး သကဲ့သို့လည်းကောင်း ဤအတူပင်လျှင် ဇေတဝန်ကျောင်းတော်မှ ကွယ်ခဲ့၍ ထိုဗြဟ္မာ့ဘုံ၌ ထင်ရှားဖြစ်၏၊ ဗကဗြဟ္မာသည် ကြွလာတော်မူသော မြတ်စွာဘုရားကို အဝေးကပင် မြင်၍ မြတ်စွာဘုရားအား ဤစကား ကို လျှောက်၏— “အချင်း လာပါလော့၊ အချင်း သင်၏ လာခြင်းသည် ကောင်းသော လာခြင်းတည်း၊ အချင်း စင်စစ် ဤဗြဟ္မာ့ပြည်သို့ လာရန် အလှည့်အကြိမ်ကို ကြာမြင့်မှ ပြုဘိ၏၊ အချင်း ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား မြဲ၏၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား ခိုင်ခံ့၏၊ ဤ (ကိုယ်နှင့်တကွ သော ဗြဟ္မာ့ပြည်သည်) ကား အခါခပ်သိမ်း ရှိ၏၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား မပြတ် မစဲ တစ်ဆက်တည်း တည်၏၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား ရွေ့လျောခြင်းသဘောမရှိ။ မှန်၏၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်သည်) ကား ပဋိသန္ဓေနေခြင်း မရှိ၊ အိုခြင်း မရှိ၊ သေခြင်းမရှိ၊ ရွေ့လျောခြင်း မရှိ၊ တစ်ဖန်ဖြစ်ခြင်းသဘော မရှိ၊ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်) မှ တစ်ပါး အခြား လွန်ကဲသော ထွက်မြောက်ရာ မရှိ”ဟု လျှောက်၏။

ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် ဗကဗြဟ္မာအား ဤစကားကို မိန့်တော်မူ၏ — “အချင်းတို့ဗကဗြဟ္မာသည် အဝိဇ္ဇာမှောင် ဖုံးလေပြီတကား၊ အချင်းတို့ ဗကဗြဟ္မာသည် အဝိဇ္ဇာမှောင် ဖုံးလေပြီတကား၊ မမြဲသည်သာလျှင် ဖြစ်လျက် ‘မြဲ၏’ဟူ၍ ဆိုဘိ၏၊ မခိုင်ခံ့သည်သာလျှင် ဖြစ်လျက် ‘ခိုင်ခံ့၏’ဟူ၍ ဆိုဘိ၏၊ အခါခပ်သိမ်း ထင်ရှားမရှိသည်သာလျှင် ဖြစ်လျက် ‘အခါခပ်သိမ်း ထင်ရှားရှိ၏’ဟူ၍ ဆိုဘိ၏၊ မပြတ်မစဲ တစ်ဆက်တည်း မတည်ဘဲလျက် ‘မပြတ်မစဲ တစ်ဆက်တည်း တည်၏’ဟု ဆိုဘိ၏၊ ရွေ့လျောတတ်သော သဘောရှိသည်သာလျှင် ဖြစ်လျက် ‘မရွေ့လျောတတ်သော သဘောရှိ၏’ဟူ၍ ဆိုဘိ၏၊ အကြင်ကိုယ်နှင့် တကွသော ဗြဟ္မာ့ပြည်၌ ပဋိသန္ဓေနေခြင်းလည်း ရှိ၏၊ အိုခြင်းလည်း ရှိ၏၊ သေခြင်းလည်း ရှိ၏၊ ရွေ့လျောခြင်းလည်း ရှိ၏၊ တစ်ဖန်ဖြစ်ခြင်းလည်း ရှိ၏။ ထိုသို့သဘောရှိသော ထိုဗြဟ္မာ့ပြည်သည် ပဋိသန္ဓေနေခြင်း မရှိ၊ အိုခြင်း မရှိ၊ သေခြင်း မရှိ၊ ရွေ့လျောခြင်း မရှိ၊ တစ်ဖန်ဖြစ်ခြင်းသဘော မရှိဟု ဆိုဘိ၏။ ဤ (ကိုယ်နှင့်တကွသော ဗြဟ္မာ့ပြည်) မှ တစ်ပါး အခြား လွန်ကဲသော ထွက်မြောက်ရာ ရှိပါလျက် အခြား လွန်ကဲသော ထွက်မြောက်ရာ မရှိ၊ ဤသို့ ဆိုဘိ၏”ဟု မိန့်တော်မူ၏။

“အသျှင်ဂေါတမ ခုနစ်ကျိပ်နှစ်ယောက်ကုန်သော အကျွန်ုပ်တို့သည် ကောင်းမှုကံ ကြောင့် ဖြစ်လာကုန်၏၊ (သူတစ်ပါးတို့ကို) မိမိ အလိုသို့ လိုက်စေနိုင်ကုန်၏၊ ပဋိသန္ဓေနေခြင်း, အိုခြင်းကို လွန်ကုန်ပြီ၊ ဤဗြဟ္မာ့ပြည်၌ ဖြစ်ခြင်းသည် အဆုံးစွန် သော ဉာဏ်တို့ဖြင့် ဖြစ်ပေါ်လာသော ဗြဟ္မာ့ပြည်၌ ဖြစ်ခြင်းတည်း၊ များစွာကုန် သော လူတို့သည် ကျွန်ုပ်တို့ကို တောင့်တမြတ်နိုးကုန်၏”ဟု (လျှောက်၏)။

“ဗကဗြဟ္မာ သင်၏ နိရဗ္ဗုဒတစ်သိန်း အရေအတွက်ရှိကုန်သော အကြင်အသက် ကို ရှည်သော အသက်ဟူ၍ သင်အောက်မေ့ဘိ၏၊ ထိုအသက်သည် နည်းသည်သာ လျှင်တည်း၊ ရှည်သောအသက် မဟုတ်၊ ဗကဗြဟ္မာ သင်၏ အသက်ကို ငါသိ၏”ဟု (မိန့်တော်မူ၏)။

“မြတ်စွာဘုရား အသျှင်ဘုရားတို့သည် ပဋိသန္ဓေနေခြင်း အိုခြင်းကိုလည်းကောင်း၊ ပူဆွေးခြင်းကိုလည်းကောင်း လွန်မြောက်ပြီးဖြစ်၍ ငါသည် အဆုံးမရှိ မြင်သူ ဖြစ်၏ဟု ဆိုတော်မူကုန်၏။ အကျွန်ုပ်၏ ရှေးဟောင်း အကျင့်သီလသည် အဘယ်သို့ ပါနည်း၊ ထိုအကြောင်းအရာကို သိနိုင်လောက်အောင် အကျွန်ုပ်အား ပြောကြားတော်မူပါလော့”ဟု (လျှောက်၏)။

ဗကဗြဟ္မာ နွေလ၌ အပူဖြင့် နှိပ်စက်ခံရကုန်သော ရေမွတ်သိပ်ကုန်သော များစွာ ကုန်သော လူတို့ကို သင်သည် ရေတိုက်ခဲ့ဖူးပြီ၊ ရေတိုက်ခဲ့ခြင်းဟူသော ထိုအကျင့် သည် သင်၏ ရှေးဟောင်းအကျင့်သီလတည်း၊ ငါသည် ထိုအကြောင်းကို ‘အိပ်ပျော် ရာမှ နိုးသော သူကဲ့သို့’ အစဉ်အောက်မေ့နိုင်၏။

ဂင်္ဂါမြစ်ကမ်း၌ ဖမ်းယူခံရသော သုံ့ပန်းအပေါင်းကို သင် လွတ်စေခဲ့ဖူးပြီ၊ ထို လွတ်စေခဲ့ခြင်းဟူသော အကျင့်သည် သင်၏ ရှေးဟောင်းအကျင့်သီလတည်း၊ ငါသည် ထိုအကြောင်းကို ‘အိပ်ပျော်ရာမှ နိုးသောသူကဲ့သို့’ အစဉ်အောက်မေ့နိုင်၏။

ကြမ်းကြုတ်သော နဂါးသည် လူတို့ကို အလိုရှိသောကြောင့် ဂင်္ဂါမြစ်၏ ရေ အလျဉ်၌ ဖမ်းယူအပ်သော လှေကို အဘိညာဉ်အားအစွမ်းဖြင့် လွှမ်းမိုးနှိမ်နှင်း၍ သင် လွတ်စေခဲ့ဖူးပြီ၊ ထိုလွတ်စေခဲ့ခြင်းဟူသော အကျင့်သည် သင်၏ ရှေးဟောင်း အကျင့်သီလတည်း၊ ငါသည် ထိုအကြောင်းကို ‘အိပ်ပျော်ရာမှ နိုးသော သူကဲ့သို့’ အစဉ်အောက်မေ့နိုင်၏။

“ငါသည် သင်၏ ကပ္ပအမည်ရှိသော တပည့် ဖြစ်ခဲ့ဖူးပြီ၊ ဤအသျှင်ကား ကောင်းသော ပညာရှိ၏၊ အကျင့်နှင့် ပြည့်စုံ၏ဟု သိခဲ့၏၊ ထိုအကျင့်သည် သင်၏ ရှေးဟောင်းအကျင့်သီလတည်း၊ ငါသည် ထိုအကြောင်းကို ‘အိပ်ပျော်ရာမှ နိုးသော သူကဲ့သို့’ အစဉ်အောက်မေ့နိုင်၏”ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား အကျွန်ုပ်၏ ထိုအသက်ကို အမှန်စင်စစ် သိတော်မူပေ၏၊ တစ်ပါး သော အကြောင်းတို့ကိုလည်း သိတော်မူ၏၊ ထို့ကြောင့်သာလျှင် ဗုဒ္ဓမည်တော်မူ ပါပေ၏၊ ထိုသို့ဗုဒ္ဓမည်သည်၏ အဖြစ်ကြောင့်သာလျှင် အသျှင်ဘုရား၏ တောက်ပ တော်မူသော ဤအာနုဘော်သည် ဗြဟ္မာ့ပြည်ကို ထွန်းလင်းစေလျက် တည်ပါ၏”ဟု (လျှောက်၏)။