သံယုတ္တနိကာယ်—၆
၁—ပဌမဝဂ်
၅—အညတရဗြဟ္မသုတ်
၁၇၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ တစ်ယောက်သော ဗြဟ္မာအား “ဤဗြဟ္မာ့ပြည်သို့ လာနိုင်သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း မရှိ”ဟု ယူသော ဤသို့ သဘောရှိသော ယုတ်ညံ့ သော မိစ္ဆာအယူ ဖြစ်၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုဗြဟ္မာ၏ အကြံကို မိမိစိတ်ဖြင့် သိတော်မူ၍ ခွန်အားရှိသော ယောကျာ်းသည်။ပ။ ထိုထိုဗြဟ္မာ့ပြည်၌ ထင်ရှားဖြစ်၏၊ ထို့နောက် မြတ်စွာဘုရားသည် ထိုဗြဟ္မာ၏ အထက်ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေသဖြင့် တေဇောကသိုဏ်းကို ဝင်စား၍ ထိုင်နေတော်မူ၏။
ထိုအခါ အသျှင်မဟာမောဂ္ဂလာန်အား “ယခုအခါ မြတ်စွာဘုရားသည် အဘယ်အရပ်၌ နေတော်မူသ နည်း”ဟု အကြံ ဖြစ်၏၊ အသျှင်မဟာမောဂ္ဂလာန်သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိ အမြင်ထက် သာလွန်သော နတ်မျက်စိ ‘ဒိဗ္ဗစက္ခု’ဖြင့် ထိုဗြဟ္မာ၏ အထက်ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေသဖြင့် တေဇောကသိုဏ်းကို ဝင်စားလျက် ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်လေလျှင် ခွန်အားရှိသော ယောကျာ်းသည် ကွေးသောလက်ရုံးကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သောလက်ရုံးကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် ဇေတဝန်ကျောင်းမှ ကွယ်ခဲ့၍ ထိုဗြဟ္မာ့ပြည်၌ ထင်ရှားဖြစ်၏။ ထို့နောက် အသျှင်မဟာမောဂ္ဂလာန်သည် အရှေ့အရပ်ကို မှီ၍ ထိုဗြဟ္မာ၏ အထက်ကောင်းကင်၌ မြတ်စွာဘုရား၏ အောက် နိမ့်စွာ ထက်ဝယ်ဖွဲ့ခွေသဖြင့် တေဇောကသိုဏ်းကို ဝင်စား၍ ထိုင်နေ၏။
ထိုအခါ အသျှင်မဟာကဿပအား “ယခုအခါ မြတ်စွာဘုရားသည် အဘယ်အရပ်၌ နေတော်မူသ နည်း”ဟု အကြံ ဖြစ်၏၊ “အသျှင်မဟာကဿပသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင် ထက် သာလွန်သော နတ်မျက်စိ ‘ဒိဗ္ဗစက္ခု’ဖြင့်။ပ။ တေဇောကသိုဏ်းကို ဝင်စား၍ နေတော်မူသော မြတ်စွာဘုရားကို မြင်လေလျှင် ခွန်အား ရှိသော ယောကျာ်းသည်။ပ။ဤအတူသာလျှင် ဇေတဝန်ကျောင်းမှ ကွယ်ခဲ့၍ ဗြဟ္မာ့ပြည်၌ ထင်ရှားဖြစ်၏၊ ထို့နောက် အသျှင်မဟာကဿပသည် တောင်အရပ်ကို မှီ၍ ထိုဗြဟ္မာ၏ အထက်ကောင်းကင်၌ မြတ်စွာဘုရား၏အောက် နိမ့်စွာ ထက်ဝယ်ဖွဲ့ခွေသဖြင့် တေဇောကသိုဏ်း ကို ဝင်စား၍ ထိုင်နေ၏။
ထိုအခါ အသျှင်မဟာကပ္ပိနအား “ယခုအခါ မြတ်စွာဘုရားသည် အဘယ်အရပ်၌ နေတော်မူသ နည်း”ဟု အကြံ ဖြစ်၏၊ အသျှင်မဟာကပ္ပိနသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိ ‘ဒိဗ္ဗစက္ခု’ဖြင့်။ပ။ တေဇောကသိုဏ်းကို ဝင်စားလျက် ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်လေလျှင် ခွန်အားရှိသော ယောကျာ်းသည်။ပ။ ဤအတူသာလျှင် ဇေတဝန်ကျောင်းမှ ကွယ် ခဲ့၍ ဗြဟ္မာ့ပြည်၌ ထင်ရှားဖြစ်၏၊ ထို့နောက် အသျှင်မဟာကပ္ပိနသည် အနောက်အရပ်ကို မှီ၍ ထိုဗြဟ္မာ၏ အထက်ကောင်းကင်၌ မြတ်စွာဘုရား၏အောက် နိမ့်စွာ ထက်ဝယ်ဖွဲ့ခွေသဖြင့် တေဇောကသိုဏ်းကို ဝင်စား၍ ထိုင်နေ၏။
ထိုအခါ အသျှင်အနုရုဒ္ဓါအား “ယခုအခါ မြတ်စွာဘုရားသည် အဘယ်အရပ်၌ နေတော်မူသနည်း”ဟု အကြံ ဖြစ်၏၊ အသျှင်အနုရုဒ္ဓါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိ ‘ဒိဗ္ဗစက္ခု’ဖြင့်။ပ။ တေဇောကသိုဏ်းကို ဝင်စားလျက် ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင် လေလျှင် ခွန်အားရှိသော ယောကျာ်းသည်။ပ။ ဤအတူသာလျှင် ဇေတဝန်ကျောင်းမှ ကွယ်ခဲ့၍ ဗြဟ္မာ့ပြည်၌ ထင်ရှားဖြစ်၏၊ ထို့နောက် အသျှင်အနုရုဒ္ဓါသည့်မြောက်အရပ်ကို မှီ၍ ထိုဗြဟ္မာ၏ အထက်ကောင်းကင်၌ မြတ်စွာဘုရား၏အောက် နိမ့်စွာ ထက်ဝယ်ဖွဲ့ခွေသဖြင့် တေဇောကသိုဏ်းကို ဝင်စား၍ ထိုင်နေ၏။
ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် ထိုဗြဟ္မာကို ဂါထာဖြင့် ရွတ်ဆိုပြောကြား၏ —
“အချင်းဗြဟ္မာ သင့်အား ရှေးဘဝ၌ အကြင် (မိစ္ဆာဒိဋ္ဌိ) အယူသည် ဖြစ်ခဲ့ပြီ၊ ယခု ဘဝ၌လည်း သင့်အား ထို (မိစ္ဆာဒိဋ္ဌိ) အယူသည် ဖြစ်ပြန်၏၊ သင်သည် ဗြဟ္မာ့ဘုံ၌ အရောင်အားလုံးကို လွန်သော မြတ်စွာဘုရား၏ အရောင်ကို မြင်၏လော”ဟု ဆို၏။
“အချင်း အကျွန်ုပ်အား ရှေးဘဝ၌ အကြင် (မိစ္ဆာဒိဋ္ဌိ) အယူသည် ဖြစ်ဖူး၏၊ ယခု ထိုအယူသည် အကျွန်ုပ်အား မဖြစ်တော့ပြီ၊ အကျွန်ုပ်သည် ဗြဟ္မာ့ဘုံ၌ အရောင် အားလုံးကို လွန်သော မြတ်စွာဘုရား၏ အရောင်ကို မြင်ပါ၏၊ ထိုအကျွန်ုပ်သည် ‘ယခုအခါ၌ ငါသည် အမြဲဖြစ်၏၊ ငါသည် အမြဲတည်သည် ဖြစ်၏’ဟု အဘယ့်ကြောင့် ပြောဆိုအံ့နည်း”ဟု (လျှောက်၏)။
ထိုအခါ မြတ်စွာဘုရားသည် ထိုဗြဟ္မာကို ထိတ်လန့်စေပြီးသော် ခွန်အားရှိသော ယောကျာ်းသည် ကွေးသော လက်ရုံးကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်ရုံးကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် ထိုဗြဟ္မာ့ပြည်မှ ကွယ်ခဲ့၍ ဇေတဝန်ကျောင်း၌ ထင်ရှားဖြစ်တော်မူ၏။ ထိုအခါ၌ ထိုဗြဟ္မာ သည် အလုပ်အကျွေး ဗြဟ္မာတစ်ယောက်ကို ခေါ်၍ “အချင်း လာလော့၊ သင်သည် အသျှင်မဟာမောဂ္ဂလာန် ထံသို့ ချဉ်းကပ်၍ အသျှင်မဟာမောဂ္ဂလာန်အား ဤသို့ လျှောက်ဆိုလော့၊ ‘အသျှင်— အသျှင်မဟာမောဂ္ဂ လာန်ကဲ့သို့လည်းကောင်း၊ အသျှင်မဟာကဿပကဲ့သို့လည်းကောင်း၊ အသျှင်မဟာကပ္ပိနကဲ့သို့လည်းကောင်း၊ အသျှင်အနုရုဒ္ဓါကဲ့သို့လည်းကောင်း ထို့အတူ ဤသို့ ကြီးသော တန်ခိုးအာနုဘော်ရှိကုန်သော ထိုမြတ်စွာဘုရား၏ အခြားတပည့်တို့သည် ရှိကုန်သေးသလော’၊ ဤသို့ လျှောက်လော့”ဟု (မိန့်ဆို၏။)၊ “အသျှင် ကောင်းပါပြီ”ဟု ထိုအလုပ်အကျွေးဗြဟ္မာသည် ထိုဗြဟ္မာ၏ (စကားကို) ဝန်ခံ၍ အသျှင်မဟာမောဂ္ဂလာန် ထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာမောဂ္ဂလာန်အား ဤစကားကို လျှောက်၏၊ “အသျှင်— အသျှင်မဟာ မောဂ္ဂလာန်ကဲ့သို့လည်းကောင်း၊ အသျှင်မဟာကဿပကဲ့သို့လည်းကောင်း၊ အသျှင်မဟာကပ္ပိနကဲ့သို့လည်းကောင်း၊ အသျှင်အနုရုဒ္ဓါကဲ့သို့လည်းကောင်း ထို့အတူ ဤသို့ ကြီးသော တန်ခိုးအာနုဘော်ရှိကုန်သော ထိုမြတ်စွာဘုရား၏ အခြား တပည့်တို့သည် ရှိကုန်သေးသလော”ဟု (လျှောက်၏)။ ထိုအခါ အသျှင်မဟာ မောဂ္ဂလာန်သည် ထိုအလုပ်အကျွေးဗြဟ္မာကို ဂါထာဖြင့် ရွတ်ဆိုပြောပြ၏ —
အသိဉာဏ် ‘ဝိဇ္ဇာ’ သုံးပါးနှင့် ပြည့်စုံကုန်သော , ဣဒ္ဓိဝိဓဉာဏ်သို့ ရောက်ကုန်ပြီး သော , သူတစ်ပါးတို့၏ စိတ်ကို ပိုင်းခြား၍ သိခြင်း၌ လိမ္မာကုန်သော , အာသဝ ကုန်ပြီးကုန်သော , ရဟန္တာဖြစ်ကုန်သော မြတ်စွာဘုရား၏ တပည့်တို့သည် များကုန်၏”ဟု (ရွတ်ဆို ပြောပြ၏)။
ထိုအခါ၌ ထိုအလုပ်အကျွေးဗြဟ္မာသည် အသျှင်မဟာမောဂ္ဂလာန် မိန့်တော်မူသော စကားကို အလွန် နှစ်သက်ဝမ်းမြောက်၍ ထိုမဟာဗြဟ္မာထံသို့ ချဉ်းကပ်ပြီးလျှင် ထိုဗြဟ္မာအား ဤစကားကို ဆို၏၊ အသျှင် —အသျှင်မဟာမောဂ္ဂလာန်သည် ဤသို့ ဆိုပါ၏ —
အသိဉာဏ် ‘ဝိဇ္ဇာ’သုံးပါးနှင့် ပြည့်စုံကုန်သော, ဣဒ္ဓိဝိဓဉာဏ်သို့ ရောက်ကုန်ပြီး သော , သူတစ်ပါးတို့၏ စိတ်ကို ပိုင်းခြား၍ သိခြင်း၌ လိမ္မာကုန်သော , အာသဝ ကုန်ပြီးသော , ရဟန္တာဖြစ်ကုန်သော မြတ်စွာဘုရား၏ တပည့်တို့သည် များကုန်၏၊ ဤသို့ ဆိုပါ၏”ဟု ပြန်ပြော၏။
ထိုအလုပ်အကျွေးဗြဟ္မာသည် ဤစကားကို ဆို၏၊ ထိုမဟာဗြဟ္မာသည်လည်း ထိုအလုပ်အကျွေး ဗြဟ္မာ ဆိုအပ်သော စကားကို နှစ်လိုသည် ဖြစ်၍ အလွန်ဝမ်းမြောက်၏။