သံယုတ္တနိကာယ်—၆

၁—ပဌမဝဂ်

၆—ဗြဟ္မာလောကသုတ်

၁၇၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် တစ်ပါးတည်း ကိန်းအောင်းတော်မူလျက် နေ့ သန့်စင်နေတော်မူ၏၊ ထိုအခါ သုဗြဟ္မာအမည်ရှိသော ပစ္စေကဗြဟ္မာသည်လည်းကောင်း၊ သုဒ္ဓါဝါသမည်သော ပစ္စေကဗြဟ္မာသည်လည်းကောင်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ အသီးသီး ဂန္ဓကုဋိတိုက် တံခါးပေါင် ကို မှီ၍ ရပ်တည်ကုန်၏၊ ထိုအခါ သုဗြဟ္မာပစ္စေကဗြဟ္မာသည် သုဒ္ဓါဝါသပစ္စေကဗြဟ္မာအား ဤစကားကို ဆို၏ — “အချင်း မြတ်စွာဘုရားကို ဆည်းကပ်ရန် အခါ မဟုတ်သေး၊ မြတ်စွာဘုရားသည် တစ်ပါးတည်း ကိန်းအောင်းတော်မူလျက် နေ့သန့်စင်နေတော်မူသေး၏၊ ဤမည်သော ဗြဟ္မာ့ပြည်သည် ပြည့်လည်း ပြည့် စုံ၏၊ ဖွံ့လည်း ဖွံ့ဖြိုး၏၊ ထိုဗြဟ္မာ့ပြည်၌ ဗြဟ္မာသည်ကား မေ့လျော့၍ နေလျက် ရှိ၏၊ အချင်း သွားကြ ကုန်စို့၊ ထိုဗြဟ္မာ့ထံသို့ ချဉ်းကပ်ကုန်ပြီးလျှင် ထိုဗြဟ္မာကို ထိတ်လန့်စေကုန်အံ့”ဟု ဆို၏၊ “အချင်း ကောင်းပါပြီ”ဟု သုဒ္ဓါဝါသပစ္စေကဗြဟ္မာသည် သုဗြဟ္မာပစ္စေကဗြဟ္မာအား ဝန်ခံ၏။

ထိုအခါ၌ သုဗြဟ္မာပစ္စေကဗြဟ္မာသည်လည်းကောင်း၊ သုဒ္ဓါဝါသပစ္စေကဗြဟ္မာသည်လည်းကောင်း ခွန် အားရှိသော ယောကျာ်းသည်။ပ။ ဤအတူသာလျှင် မြတ်စွာဘုရား၏ ရှေ့မှ ကွယ်ခဲ့၍ ထိုဗြဟ္မာ့ပြည်၌ ထင်ရှားဖြစ်ကုန်၏။ ထိုဗြဟ္မာသည် လာကုန်သော ထိုဗြဟ္မာတို့ကို အဝေးကပင် မြင်ပြီးနောက် ထိုဗြဟ္မာတို့အား “အချင်းတို့ ယခု သင်တို့သည် အဘယ်အရပ်မှ လာခဲ့ကုန်သနည်း”ဟု ဆို၏၊ အချင်း ငါတို့ သည် ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူပြီးသော ထိုမြတ်စွာဘုရား၏ အထံမှ လာခဲ့ကုန်၏၊ အချင်း သင်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံ သော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူပြီးသော မြတ်စွာဘုရားအား ဆည်းကပ်ခံစားရန် သွားပါ လော့ဟု ဆိုကုန်၏။

ဤသို့ ဆိုကုန်သည်ရှိသော် ထိုဗြဟ္မာသည် ထိုစကားကို သည်းမခံနိုင်သည်ဖြစ်၍ အကြိမ်တစ်ထောင် မိမိကိုယ်ကို ဖန်ဆင်းလျက် သုဗြဟ္မာပစ္စေကဗြဟ္မာအား “အချင်း သင်သည် ဤသို့သဘောရှိသော တန်ခိုး အာနုဘော်ကို မြင်၏လော”ဟု ဆို၏၊ အချင်း ငါသည် သင်၏ ဤသို့သဘောရှိသော တန်ခိုးအာနုဘော်ကို မြင်ပါ၏ဟု ဆို၏၊ ငါသည် ဤသို့ ကြီးသော တန်ခိုးအာနုဘော်ရှိသူ ဖြစ်ပါလျက် အဘယ်မည်သော အခြား သမဏအားသော်လည်းကောင်း၊ ဗြာဟ္မဏအားသော်လည်းကောင်း ဆည်းကပ်ခစားရန် သွားရအံ့နည်းဟု ဆို၏။

ထိုအခါ သုဗြဟ္မာပစ္စေကဗြဟ္မာသည် အကြိမ်နှစ်ထောင် မိမိကိုယ်ကို ဖန်ဆင်း၍ ထိုဗြဟ္မာအား “အချင်း သင်သည် ဤသို့သဘောရှိသော တန်ခိုးအာနုဘော်ကို မြင်၏လော”ဟု ဆို၏၊ အချင်း ငါသည် သင်၏ ဤသို့ သဘောရှိသော တန်ခိုးအာနုဘော်ကို မြင်ပါ၏ဟု ပြန်ပြော၏၊ အချင်း စင်စစ် သင့်ထက်လည်းကောင်း၊ ငါ့ထက်လည်းကောင်း ထိုမြတ်စွာဘုရားသည်သာလျှင် အထူးသဖြင့် တန်ခိုးအာနုဘော် ကြီး တော်မူ၏၊ အချင်း ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိ တော်မူသော ထိုမြတ်စွာဘုရားအား ဆည်းကပ်ခစားရန် သွားပါလော့ဟု ဆို၏၊ ထိုအခါ ထိုဗြဟ္မာသည် သုဗြဟ္မာပစ္စေကဗြဟ္မာကို ဂါထာဖြင့် ရွတ်ဆို ပြောပြ၏ —

“ပစ္စေကဗြဟ္မာ ဈာန်ဝင်စားသော ငါ၏ ဂဠုန်ရုပ် သုံးရာတို့သည်လည်းကောင်း၊ ဟင်္သာရုပ် လေးရာတို့သည်လည်းကောင်း၊ ကျားနှင့် တူသော အရုပ်ငါးရာတို့သည်လည်းကောင်း၊ ထိုဗိမာန်သည်လည်းကောင်း (သင်တို့ နေရာမှ) မြောက်အရပ်၌ ထွန်းလင်းလျက် တောက်ပသည်သာလျှင်တည်း”ဟု (ရွတ်ဆို ပြောပြ၏)။

ဗြဟ္မာ သင်၏ ထိုဗိမာန်သည် မြောက်အရပ်၌ ထွန်းလင်းလျက် အကယ်၍ကား တောက်ပ၏၊ ထိုသို့ပင်တောက်ပသော်လည်း ရုပ်၌ ဖြစ်ခြင်း, ရင့်ရော်ခြင်း, ပျက်ခြင်း ဟူသော အပြစ်ကိုလည်းကောင်း၊ အခါခပ်သိမ်း ရုပ်၏ တုန်လှုပ် ဖေါက်ပြန်ခြင်းကိုလည်းကောင်း မြင်သောကြောင့် ကောင်းသော ပညာရှိသည် ရုပ်၌ မမွေ့လျော်ဟု ရွတ်ဆို၏။

ထိုအခါ၌ သုဗြဟ္မာပစ္စေကဗြဟ္မာသည်လည်းကောင်း၊ သုဒ္ဓါဝါသပစ္စေကဗြဟ္မာသည်လည်းကောင်း ထို ဗြဟ္မာကို ထိတ်လန့်စေပြီး ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်ကုန်၏၊ ထိုဗြဟ္မာသည် နောက်အခါ၌ ပူဇော် အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား အား ဆည်းကပ်ရန် သွားရောက်သည်သာလျှင်တည်း။