သံယုတ္တနိကာယ်—၆

၁—ပဌမဝဂ်

၉—တုရူဗြဟ္မသုတ်

၁၈ဝ။ သာဝတ္ထိနိဒါန်း။ ထိုအခါ ကောကာလိကရဟန်းသည် အဖူးပေါက်သော အနာရှိရကား ပြင်းစွာ မကျန်းမာ၍ ဆင်းရဲခြင်းသို့ ရောက်၏၊ ပစ္စေကဗြဟ္မာသည် ညဉ့်ဦးယံ လွန်ပြီးသော် (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် ကောကာ လိကရဟန်းထံသို့ ချဉ်းကပ်၍ ကောင်းကင်၌ ရပ်လျက် “ကောကာလိက သာရိပုတ္တရာ , မောဂ္ဂလာန်တို့ သည် သီလကို ချစ်ကုန်၏၊ သာရိပုတ္တရာ, မောဂ္ဂလာန်တို့၌ စိတ်ကို ကြည်လင်စေလော့”ဟု ပြောဆို၏၊ အချင်း သင်သည်ကား အဘယ်သူ ဖြစ်သနည်းဟု ဆို၏၊ ငါသည် တုရူပစ္စေကဗြဟ္မာတည်းဟု ပြန်ပြော၏၊ အချင်းဗြဟ္မာ သင့်ကို မြတ်စွာဘုရားသည် အနာဂါမ်ဟူ၍ မိန့်ကြားတော်မူသည်မဟုတ်လော၊ သို့ဖြစ်လျက် အဘယ့်ကြောင့် ဤအရပ်သို့ လာသနည်း၊ သင်၏ ဤမျှ အပြစ်ကို ရှုလော့ဟု ဆို၏၊ (ထို့နောက် တုရူ ဗြဟ္မာသည် ကောကာလိကရဟန်းအား ဂါထာဖြင့်ရွတ်ဆို၏) —

“ဖြစ်လာသော ယောကျာ်း၏ ပါးစပ်၌ ဓားမနှင့် တူသော ကြမ်းကြုတ်သော စကားသည် ဖြစ်၏၊ သူမိုက်သည် မကောင်းသဖြင့် ဆိုအပ်သော စကားကို ဆိုကာ ယင်းဓားမနှင့် တူသော ကြမ်းကြုတ်သော စကားဖြင့် မိမိကိုယ်ကို ဖြတ်၏။

အကြင် သူသည် ကဲ့ရဲသင့်သူကို ချီးမွမ်း၏၊ အကြင် သူသည်ကား ချီးမွမ်းသင့်သူကို ကဲ့ရဲ၏၊ ထိုသူသည် ပါးစပ်ဖြင့် အပြစ်ကို ဆည်းပူး သည် မည်၏၊ ထိုအပြစ်ကြောင့် ချမ်းသာကို မရနိုင်။

ကြွေအန်လောင်းရာတို့၌ မိမိကိုယ်နှင့် တကွ အလုံးစုံသော စည်းစိမ်ဥစ္စာ ဆုံးရှုံးခြင်းဟူသော အပြစ်သည် အနည်းငယ်မျှ (မပြောပလောက်သော) အပြစ်သာတည်း၊ ကောင်းမြတ်သော တရား (အရဟတ္တဖိုလ်) သို့ ရောက်ပြီးသော ပုဂ္ဂိုလ်တို့၌ စိတ် ပြစ်မှားသော ဤအပြစ်သည်သာ ကြီးလေးသော အပြစ်မည်၏။

ယုတ်ညံ့သော စကားကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း ဆောက်တည်၍ အရိယာကို ကဲ့ရဲ့သော သူမိုက်သည် တစ်သိန်းသုံးဆယ့်ခြောက်နိရဗ္ဗုဒနှင့် ငါးအဗ္ဗုဒတို့ပတ်လုံး ငရဲသို့ ရောက်ရ၏ဟု ရွတ်ဆို၏။