သံယုတ္တနိကာယ်—၇

၁—အရဟန္တဝဂ်

၁—ဓနဉ္စာနီသုတ်

၁၈၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစားကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားတစ်ယောက်၏ ဓနဉ္ဇာနီမည်သော ပုဏ္ဏေးမသည် ဘုရား၌လည်းကောင်း၊ တရားတော်၌လည်းကောင်း၊ သံဃာတော်၌လည်းကောင်း အလွန်ကြည်ညို၏။ ထိုအခါ ဓနဉ္ဇာနီပုဏ္ဏေးမ သည် ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားအား ထမင်းကို ဆောင်ယူပေးသည်ရှိသော် ချွတ်ချော်ခြင်းကြောင့် “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဟု သုံးကြိမ် ဥဒါန်းကျူးရင့်၏။

ဤသို့ ဥဒါန်းကျူးရင့်သည်ရှိသော် ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် ဓနဉ္ဇာနီပုဏ္ဏေးမအား— “ဤသူယုတ်မသည် ဤသို့သာလျှင် အရာရာ၌ ထိုဦးပြည်းရဟန်း၏ ဂုဏ်ကျေးဇူးကို ဆိုခဲ့၏၊ သူယုတ်မ ယခုအခါ သင်၏ ဆရာဖြစ်သော ထိုဘုရားအား ငါသည် အယူဝါဒကို တင်အံ့”ဟု ဆို၏၊ “ပုဏ္ဏား နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား အယူဝါဒကို တင်နိုင်သောသူကို စင်စစ် အကျွန်ုပ် မမြင်၊ သို့သော်လည်း ပုဏ္ဏား သင် သွားပါလော့၊ သွားလျှင် သင် သိရပါလိမ့်မည်”ဟု ပြောဆို၏။

ထိုအခါ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် အမျက်ထွက်သည် နှလုံးမသာသည် ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက် ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရား အား ဂါထာဖြင့် ရွတ်ဆိုလျှောက်ထား၏—

“ဂေါတမ အဘယ်ကို ဖြတ်တောက်သော် ချမ်းသာစွာ နေရသနည်း၊ အဘယ်ကို ဖြတ်တောက်သော် မစိုးရိမ်ရသနည်း၊ အဘယ်မည်သော တစ်ခုသော တရားအား ဖြတ်တောက်ခြင်းကို နှစ်သက်ပါသနည်း”ဟု့ (လျှောက်၏)။

ပုဏ္ဏား အမျက် ‘ဒေါသ’ကို ဖြတ်တောက်သော် ချမ်းသာစွာ နေရ၏၊ အမျက် ‘ဒေါသ’ကို ဖြတ်တောက်သော် မစိုးရိမ်ရ၊ အဆိပ်လျှင် အရင်းအမြစ်ရှိသော ချိုမြိန်ခြင်းလျှင် အဖျားရှိသော အမျက် ‘ဒေါသ’အား ဖြတ်တောက်ခြင်းကို အရိယာတို့သည် ချီးမွမ်းကုန်၏၊ ထိုအမျက် ‘ဒေါသ’ကိုပင်လျှင် ဖြတ်တောက်သည်ရှိသော် မစိုးရိမ်ရဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည်ရှိသော် ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤ စကားကို လျှောက်၏— “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင် ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထား သော ဝတ္ထုကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အကျွန်ုပ်သည် အသျှင် ဂေါတမ၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ပဉ္စင်းအဖြစ်ကို ရလိုပါ၏”ဟု လျှောက်၏။

ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ် ရဟန်းအဖြစ်ကို ရသည် သာတည်း၊ ပဉ္စင်းဖြစ်၍ မကြာမြင့်သေးသော အသျှင်ဘာရဒွါဇသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာ အားထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နေသည် ရှိသော် မကြာမြင့်မီပင်လျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုကြသော အမျိုးသားများ လိုလားတောင့်တအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို မကြာမီ မျက် မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် ကောင်းစွာ မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ အသျှင်ဘာရဒွါဇသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါး အပါ အဝင် ဖြစ်လေသတည်း။