သံယုတ္တနိကာယ်—၇

၁—အရဟန္တဝဂ်

၁ဝ—ဗဟုဓီတရသုတ်

၁၉၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်း တောအုပ်တစ်ခု၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားတစ်ယောက်အား ခိုင်းနွား တစ်ဆယ့်လေးကောင်တို့သည် ပျောက်ကုန်၏၊ ထိုအခါ၌ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် ထိုနွားတို့ကို ရှာသည်ရှိသော် ထိုတောအုပ် သို့ ချဉ်းကပ်ပြီးလျှင် တောအုပ်အတွင်း၌ ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ကမ္မဋ္ဌာန်း သို့ ရှေးရှုသတိကို ဖြစ်စေကာ ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်သောကြေင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို ရွတ်ဆို လျှောက်ထား၏—

“ဤရဟန်းအား နွားပျောက်၍ ခြောက်ရက်ရှိလာသော ဤယနေ့၌ ခိုင်းနွား တစ်ဆယ့်လေးကောင်တို့ မပျောက်လေကုန်သလော၊ ထိုသို့ မပျောက်သောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင်တကား။

ဤရဟန်းအား နှမ်းခင်း၌ တစ်ရွက်နှစ်ရွက်သာ ကြွင်းကျန်ရစ်ကုန်သော နှမ်း ငုတ်တို့ မရှိလေကုန်သလော၊ ထိုသို့ မရှိသောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင်တကား။

ဤရဟန်းအား အချည်းနည်းသော ကျီ၌ ကြွက်တို့ လှည့်လည်လျက် မမြူးထူး ကုန်သလော၊ ထိုသို့ မမြူးထူးသောကြောင့် ဤရဟန်းအား ချမ်းသာစွာ နေရယောင် တကား။

ဤရဟန်းအား ခုနစ်လပတ်လုံး သုတ်သင်မှုကင်းသော မြက်အခင်းသည် ဥပ္ပါဋက ပိုးတို့ဖြင့် မဖုံးလွှမ်းလေသလော၊ ထိုသို့ မဖုံးလွှမ်းသောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင်တကား။

ဤရဟန်းအား သားတစ်ယောက်, နှစ်ယောက်စီရှိကုန်သော မုဆိုးမဖြစ်သည့် သမီးခုနှစ်ယောက်တို့ မရှိလေကုန်သလော၊ ထိုသို့ မရှိသောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင်တကား။

ဤရဟန်းအား မျက်စိနီကြောင်၍ မှဲ့မည်းရှိသော မိန်းမသည် အိပ်နေသူကို ခြေဖြင့် ကျောက်ကန်၍ မနှိုးလေသလော၊ ထိုသို့ မနှိုးသောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင်တကား။

ဤရဟန်းအား မိုးသောက်ထအခါ၌ မြီရှင်တို့သည် ‘ပေးကုန်လော့၊ ပေးကုန် လော့’ဟု မတောင်းကုန်လေသလော၊ ထိုသို့ မတောင်းသောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင်တကား”ဟု ရွတ်ဆို လျှောက်ထား၏။

ပုဏ္ဏား ငါ့အား နွားပျောက်၍ ခြောက်ရက်ရှိလာသော ဤယနေ့၌ ခိုင်းနွား တစ်ဆယ့်လေးကောင်တို့ မပျောက်ကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။

ပုဏ္ဏား ငါ့အား နှမ်းခင်း၌ တစ်ရွက်နှစ်ရွက်သာ ကြွင်းကျန်ရစ်ကုန်သော နှမ်း ငုတ်တို့ မရှိကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။

ပုဏ္ဏား ငါ့အား အချည်းနှီးသော ကျီ၌ ကြွက်တို့ လှည့်လည်လျက် မမြူးထူး ကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။

ပုဏ္ဏား ငါ့အား ခုနစ်လပတ်လုံး သုတ်သင်မှုကင်းသော မြက်အခင်းသည် ဥပ္ပါဋက ပိုးတို့ဖြင့် မဖုံးလွှမ်း၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။

ပုဏ္ဏား ငါ့အား သားတစ်ယောက်,နှစ်ယောက်စီရှိကုန်သော မုဆိုးမဖြစ်သည့် သမီးခုနှစ် ယောက်တို့ မရှိကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။

ပုဏ္ဏား ငါ့အား မျက်စိနီကြောင်၍ မှဲ့မည်းရှိသော မိန်းမသည် အိပ်နေသည်ကို ခြေဖြင့် ကျောက်ကန်၍ မနှိုး၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။

ပုဏ္ဏား ငါ့အား မိုးသောက်ထအခါ၌ မြီရှင်တို့သည် ‘ပေးကုန်လော့၊ ပေးကုန် လော့’ဟု မတောင်းကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏”ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည်ရှိသော် ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤသို့ လျှောက်၏ — “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိစွတကား၊ အသျှင်ဂေါတမ (တရား တော်သည်) အလွန်နှစ်သက်ဖွယ် ရှိစွတကား၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်၍ ထားအပ်သော ဝတ္ထုကို လှန်၍ ပြရာသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်း၍ ထားသော ဝတ္ထုကို ဖွင့်လှစ်၍ ပြရာသကဲ့သို့လည်းကောင်း၊ ခရီးမှားသော သူအား လမ်းမှန်ကို ပြောကြားရာသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိ ကုန်သော သူတို့သည် ရူပါရုံတို့ကို မြင်ကုန်လတ္တံ့’ဟု အမိုက်မှောင်၌မူလည်း ဆီမီးတန်ဆောင်ကို ဆောင်ပြ ရာသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော် ကို ပြတော်မူ၏။ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အကျွန်ုပ်သည် အသျှင် ဂေါတမ၏ အထံ၌ ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရလိုပါ၏”ဟု လျှောက်၏။

ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရသည် သာလျှင်တည်း၊ ရဟန်းဖြစ်၍ မကြာမြင့်သေးသော အသျှင်ဘာရဒွါဇသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာ သို့ ကပ်လျက် မမေ့မလျော့ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည် ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ် အပ်သော စိတ်ရှိကာ နေသည် ရှိသော် မကြာမြင့်မီပင်လျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုကြသော အမျိုးသားများ လိုလားတောင့်တအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ် သော အရဟတ္တဖိုလ်ကို မျက်မှောက်ပြုသော ကိုယ်၏ အဖြစ်၌သာလျှင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် ကောင်းစွာ သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏၊ အသျှင်ဘာရဒွါဇသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်လေသတည်း။

ရှေးဦးစွာသော အရဟန္တဝဂ် ပြီး၏။