သံယုတ္တနိကာယ်—၇
၂—ဥပါသကဝဂ်
၁—ကသိဘာရဒွါဇသုတ်
၁၉၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်း ဒက္ခိဏာဂိရိဇနပုဒ် ဧကနာဠပုဏ္ဏားရွာ၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားအား ပျိုးကြဲသော အခါ၌ ထွန်ငါးရာတို့ကို နွားတို့ဖြင့် ကအပ်ကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ကသိဘာရဒွါဇပုဏ္ဏား၏ အလုပ်ခွင်သို့ ချဉ်း ကပ်တော်မူ၏။
ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် (လုပ်သားတို့အား) ကျွေးမွေးဆဲ ဖြစ်၏၊ မြတ်စွာဘုရားသည် ထိုကျွေးမွေးရာအရပ်သို့ ချဉ်းကပ်တော်မူပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တော်မူ၏၊ ကသိဘာရဒွါဇအမည် ရှိသော ပုဏ္ဏားသည် ဆွမ်းအလို့ငှါ ရပ်တော်မူသော မြတ်စွာဘုရားကို မြင်လေလျှင် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “ရဟန်း အကျွန်ုပ်သည် ထွန်လည်း ထွန်၏၊ စိုက်ပျိုးလည်း စိုက်ပျိုး၏။ ထွန်၍လည်းကောင်း၊ စိုက်ပျိုး၍လည်းကောင်း စား၏။ ရဟန်း သင်သည်လည်း ထွန်လည်း ထွန်လော့၊ စိုက်ပျိုးလည်း စိုက်ပျိုးလော့။ ထွန်၍လည်းကောင်း၊ စိုက်ပျိုး၍လည်းကောင်း စားလော့”ဟု လျှောက်၏။ “ပုဏ္ဏား ငါသည် ထွန်လည်း ထွန်၏၊ စိုက်ပျိုးလည်း စိုက်ပျိုး၏။ ထွန်၍လည်းကောင်း၊ စိုက်ပျိုး၍လည်းကောင်း စား၏”ဟု မိန့်တော်မူ၏။
အကျွန်ုပ်တို့သည် ရဟန်းဂေါတမ၏ ထမ်းပိုးကိုလည်းကောင်း၊ ထွန်တုံးကိုလည်းကောင်း၊ ထွန်သွားကိုလည်းကောင်း၊ နှင်တံကိုလည်းကောင်း၊ နွားလားတို့ကိုလည်းကောင်း မတွေ့မြင်ရပါကုန်။ သို့ဖြစ်လျက် အသျှင်ဂေါတမသည် “ပုဏ္ဏား ငါသည် ထွန်လည်း ထွန်၏၊ စိုက်ပျိုးလည်း စိုက်ပျိုး၏။ ထွန်၍လည်းကောင်း၊ စိုက်ပျိုး၍လည်းကောင်း စား၏”ဟု မိန့်ဆိုဘိ၏ဟု လျှောက်၏၊ ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို လျှောက်၏—
“သင်သည် လယ်ထွန်သူဟူ၍ ဝန်ခံ၏၊ သင်၏ လယ်ထွန်မှုကို အကျွန်ုပ် မမြင်ရ၊ အကျွန်ုပ် မေးအပ်သော လယ်ထွန်သော သင်သည် ဖြေကြားပါလော့၊ ထိုလယ် ထွန်မှုကို အဘယ်သို့လျှင် သိရကုန်အံ့နည်း”ဟု (လျှောက်၏)။
“ပုဏ္ဏား ငါ၏ ယုံကြည်မှု ‘သဒ္ဓါ’သည် မျိုးစေ့မည်၏၊ ငါ၏ ဣန္ဒြိယသံဝရသီလ သည် မိုးရေမည်၏၊ ငါ၏ ပညာသည် ထမ်းပိုး, ထွန်တုံးမည်၏၊ ငါ၏ ရှက်မှု ‘ဟိရီတရား’သည် ထွန်သံမည်၏၊ ငါ၏ စိတ်သည် ကြိုးမည်၏၊ ငါ၏ ဝိပဿနာနှင့် ယှဉ်သော သတိ, မဂ်နှင့် ယှဉ်သော အောက်မေ့မှု ‘သတိ’သည် ထွန်သွား , နှင်တံ မည်၏။
ကာယသုစရိုက်သုံးပါးဖြင့် လုံခြုံ၏၊ ဝစီသုစရိုက်လေးပါးဖြင့်လည်း လုံခြုံ၏၊ အာဟာရ (ရှာမှီးရာ) ၌လည်းကောင်း၊ ဝမ်းရေး (သုံးဆောင်ရာ) ၌လည်းကောင်း စောင့် ရှောက်၏။ ဝစီသစ္စာဖြင့် ရိတ်ဖြတ်ခြင်းကို ပြု၏၊ ကောင်းသော နိဗ္ဗာန်၌ မွေ့လျော် သည်၏အဖြစ်ဟု ဆိုအပ်သော အရဟတ္တဖိုလ်သည် ငါ၏ လွတ်မြောက်ခြင်း ဖြစ်၏။
ငါဘုရား၏ ဝီရိယသည် နိဗ္ဗာန်သို့ ရှေးရှုရုန်းသည် ဖြစ်၍ ဝန်ရုန်းနွား မည်၏၊ အကြင်နိဗ္ဗာန်အရပ်သို့ ရောက်သော် မစိုးရိမ်ရ၊ ထိုနိဗ္ဗာန်အရပ်သို့ မဆုတ်မနစ် ရုန်းသွား၏။
ပုဏ္ဏား ဤသို့လျှင် လယ်ထွန်ခြင်း ဖြစ်၏၊ ထိုလယ်ထွန်းခြင်းသည်ကား အမြိုက် နိဗ္ဗာန်အသီးရှိ၏၊ ဤသို့သော လယ်ထွန်ခြင်းကို ထွန်ပြီးသည်ရှိသော် အလုံးစုံသော ဆင်းရဲမှ လွတ်မြောက်၏”ဟု မိန့်တော်မူ၏။
“အသျှင်ဂေါတမသည် အမြိုက်နိဗ္ဗာန်အသီးရှိသော လယ်ကို ထွန်သောကြောင့် လယ်ထွန်ယောကျာ်း့ဖြစ်တော်မူပါပေ၏၊ အသျှင်ဂေါတမသည် ဘုဉ်းပေးတော်မူပါ လော့”ဟု (လျှောက်၏)။
“ပုဏ္ဏား ဂါထာဖြင့် သီဆို၍ ရအပ်သော ဆွမ်းကို ငါ မသုံးဆောင်၊ ပုဏ္ဏား အကျိုးအကြောင်းကို သိမြင်ကုန်သော သူတို့အား ဤသုံးဆောင်ခြင်းသည် တရား သဘောသို့ မသက်ဝင်၊ ဘုရားရှင်တို့သည် ဂါထာဖြင့် သီဆို၍ ရအပ်သော ဆွမ်းကို ပယ်ကုန်၏၊ ပုဏ္ဏား ဤသည်လျှင် သူတော်ကောင်း တရား၌ တည်ကုန်သော ဘုရား ရှင်တို့၏ အသက် မွေးခြင်းတည်း။
ပုဏ္ဏား ဂုဏ်ကျေးဇူးကို ရှာမှီးတတ်သော၊ နောင်တပူပန်မှု ငြိမ်းပြီးသော၊ အလုံးစုံ ကိစ္စပြီးပြီးသော ရဟန္တာပုဂ္ဂိုလ်ကို (ဂါထာဖြင့်) ရွတ်ဆို၍ ရသော ဆွမ်းမှ တစ်ပါး အခြားသော ဆွမ်းဖြင့်လည်းကောင်း , အဖျော်ဖြင့်လည်းကောင်း လုပ်ကျွေး လော့၊ ထိုရဟန္တာပုဂ္ဂိုလ်သည် ကောင်းမှုကို အလိုရှိသော သူ၏ လယ်မြေသဖွယ် ဖြစ်၏”ဟု (မိန့်တော်မူ၏)။
ဤသို့ မိန့်တော်မူသည် ရှိသော် ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ ယနေ့မှ စ၍ ကိုးကွယ် ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာဟု မှတ်ယူပါလော့”ဟု (လျှောက်၏)။