သံယုတ္တနိကာယ်—၇

၂—ဥပါသကဝဂ်

၂—ဥဒယသုတ်

၁၉၈။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ဆောင်ယူပြီးလျှင် ဥဒယပုဏ္ဏား၏ အိမ်သို့ ချဉ်းကပ်တော်မူ၏၊ ထိုအခါ ဥဒယပုဏ္ဏားသည် မြတ်စွာဘုရား၏ သပိတ်ကို ဆွမ်းဖြင့် ပြည့်စေ၏၊ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ဥဒယပုဏ္ဏား၏ အိမ်သို့ ချဉ်းကပ်တော်မူ၏။ပ။ သုံးကြိမ်မြောက်လည်း ဥဒယပုဏ္ဏားသည် မြတ်စွာဘုရား၏ သပိတ်ကို ဆွမ်းဖြင့် ပြည့်စေ၍ မြတ်စွာဘုရားအား “ဤရဟန်းဂေါတမသည် အရသာ၌ တပ်မက်မောသည် ဖြစ်၍ အဖန်တလဲလဲ လာ၏”ဟု လျှောက်၏—

“ပုဏ္ဏား မျိုးစေ့ကို အဖန်တလဲလဲပင် စိုက်ပျိုးကုန်၏၊ မိုးမင်းသည် အဖန် တလဲလဲ ရွာသွန်း၏၊ လယ်ထွန်ယောင်္ကျားတို့သည် အဖန်တလဲလဲ လယ်ထွန်ကုန်၏၊ တိုင်းနိုင်ငံသူသည် အဖန်တလဲလဲ စပါးအလို့ငှါ ကပ်ရောက်၏။

ဖုန်းတောင်းယာစကာတို့သည် အဖန်တလဲလဲ တောင်းကုန်၏၊ အလှူ ရှင်တို့သည် အဖန်တလဲလဲ ပေးလှူကုန်၏၊ အလှူရှင်တို့သည် အဖန် တလဲလဲ ပေးလှူ၍ အဖန်တလဲလဲ နတ်ပြည်ဌာနသို့ ရောက်ရကုန်၏။

နို့ညှစ်သမားတို့သည် အဖန်တလဲလဲ နို့ညှစ်ကုန်၏၊ နွားငယ်သည် အဖန်တလဲလဲ အမိနွားမသို့ ကပ်၏၊ အဖန်တလဲလဲ ပင်ပန်း၏၊ တုန်လှုပ်လည်း တုန်လှုပ်၏၊ ပညာနုံသော သူသည် အဖန်တလဲလဲ အမိဝမ်းသို့ ရောက်ရ၏။

အဖန်တလဲလဲ ပဋိသန္ဓေလည်း နေရ၏၊ သေလည်း သေရ၏၊ အဖန်တလဲလဲ သင်္ချိုင်းသို့ ဆောင်ကုန်၏၊ ပညာကြီးသူသည် အဖန်တလဲလဲ မဖြစ်ခြင်း၏ အကြောင်း နိဗ္ဗာန်ကို ရ၍ အဖန်တလဲလဲ ပဋိသန္ဓေ မနေရ”ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည်ရှိသော် ဥဒယပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ — “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သူ ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။