သံယုတ္တနိကာယ်—၇
၂—ဥပါသကဝဂ်
၃—ဒေဝဟိတသုတ်
၁၉၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ မြတ်စွာဘုရားသည် လေနာစွဲကပ်တော်မူ၏။ အသျှင်ဥပဝါဏသည်လည်း မြတ်စွာဘုရား၏ အလုပ်အကျွေး ဖြစ်၏၊ ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဥပဝါဏကို “ဥပဝါဏ ငါဘုရား တိုက်တွန်းတော်မူ၏၊ သင်သည် ငါ့အတွက် ရေနွေးကို သိလော့”ဟု မိန့်တော်မူ၏၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်ဥပဝါဏသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ဆောင်ယူပြီးလျှင် ဒေဝဟိတပုဏ္ဏား၏ အိမ်သို့ ချဉ်းကပ်၍ ဆိတ်ဆိတ် နေလျက် တစ်ခုသော နေရာ၌ ရပ်၏၊ ဒေဝဟိတပုဏ္ဏားသည် ဆိတ်ဆိတ် နေလျက် တစ်ခုသော နေရာ၌ ရပ်သော အသျှင် ဥပဝါဏကို မြင်လေလျှင် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏—
“ဦးပြည်းသည် ဖြစ်၍ ဒုကုဋ်သင်္ကန်းကို ရုံလျက် ဆိတ်ဆိတ် ရပ်နေသော အသျှင်သည် အဘယ်ကို တောင့်တလျက် အဘယ်ကို ရှာမှီးလိုသည် ဖြစ်၍ အဘယ်ကို တောင်းခံခြင်းငှါ လာသနည်း”ဟု လျှောက်၏၊
“ပုဏ္ဏား လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် လေနာ စွဲကပ်တော်မူ၏၊ ပုဏ္ဏား သင့်အား အကယ်၍ ရေနွေးရှိသည် ဖြစ်အံ့၊ မြတ်စွာဘုရားအား လှူလော့။
ပူဇော်ထိုက်ကုန်သော သူတို့၏ အပူဇော်ကို ခံရသော၊ အလေးအမြတ် ပြုထိုက် ကုန်သော သူတို့၏ အလေးအမြတ် ပြုခံရသော၊ အရိုအသေ ပြုထိုက်ကုန်သော သူတို့၏ အရိုအသေ ပြုခံရသော ထိုမြတ်စွာဘုရားအတွက် ထိုရေနွေးကို ဆောင်ရန် အလိုရှိ၏”ဟု (မိန့်ဆို၏)။
ထိုအခါ ဒေဝဟိတပုဏ္ဏားသည် ရေနွေးတစ်ထမ်းကို ယောကျာ်းအား ယူစေ၍ တင်လဲ (ထန်းလျက်ခဲ) တစ်ထုပ်ကိုလည်း အသျှင်ဥပဝါဏအား လှူ၏၊ ထိုအခါ၌ အသျှင်ဥပဝါဏသည် မြတ်စွာဘုရားထံသို့ ချဉ်း ကပ်၍ မြတ်စွာဘုရားအား ရေနွေးဖြင့် ရေချိုးစေပြီးလျှင် ရေနွေးဖြင့် တင်လဲကို ဖျော်ကာ မြတ်စွာဘုရား အား ဆက်ကပ်၏၊ ထိုအခါ၌ မြတ်စွာဘုရား၏ လေနာသည် ငြိမ်းလေ၏။
ထိုအခါ ဒေဝဟိတပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်း မြောက်ဝမ်းသာ နှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏—
“အဘယ်ပုဂ္ဂိုလ်၌ လှူဖွယ်ဝတ္ထုကို လှူရအံ့နည်း၊ အဘယ်ပုဂ္ဂိုလ်၌ လှူအပ်သော အလှူသည် အကျိုးကြီးပါသနည်း၊ အဘယ်သို့လျှင် ပေးလှူပူဇော်သော သူအား အဘယ်သို့လျှင် အလှူသည် ပြည့်စုံသနည်း”ဟု လျှောက်၏။
“ပုဏ္ဏား အကြင်ရဟန်းသည် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို သိ၏၊ နတ် ပြည်ကိုလည်းကောင်း၊ အပါယ်ကိုလည်းကောင်း မြင်၏။ ထိုမှတစ်ပါး ဇာတိ၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့ ရောက်၏၊ ထူးသော ဉာဏ်ဖြင့် သိပြီး၍ မြတ်သော အကျင့်ကို ကျင့်သုံးပြီး ဖြစ်၏။
ဤရဟန္တာပုဂ္ဂိုလ်၌ လှူဖွယ်ကို လှူရာ၏၊ ဤရဟန္တာပုဂ္ဂိုလ်၌ ပေးလှူအပ်သော အလှူသည် အကျိုးကြီး၏၊ ဤသို့လျှင် ပေးလှူပူဇော်သော သူအား ဤသို့လျှင် အလှူသည် ပြည့်စုံ၏”ဟု (မိန့်တော်မူ၏)။
ဤသို့ မိန့်တော်မူသည် ရှိသော် ဒေဝဟိတပုဏ္ဏားသည် မြတ်စွာဘုရားအား ဤသို့ လျှောက်၏ — “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သူ ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။