သံယုတ္တနိကာယ်—၇

၂—ဥပါသကဝဂ်

၄—မဟာသာလသုတ်

၂ဝဝ။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ အိုမင်းသည်ဖြစ်၍ ဟောင်းနွမ်းသော အဝတ်အရုံရှိသော ဗြာဟ္မဏ မဟာသာလပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက် ဝမ်းသာ နှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ထိုဗြာဟ္မဏမဟာသာလပုဏ္ဏားအား မြတ်စွာဘုရား သည် “ပုဏ္ဏား သင်သည် အဘယ့်ကြောင့် အိုမင်းသည် ဖြစ်၍ ဟောင်းနွမ်းသော အဝတ်အရုံရှိသနည်း”ဟု မိန့်တော်မူ၏၊ အသျှင်ဂေါတမ ဤအရပ်၌ အကျွန်ုပ်အား သားလေးယောက် ရှိပါကုန်၏၊ ထိုသားတို့သည် မယားတို့နှင့် တိုင်ပင်၍ အကျွန်ုပ်ကို အိမ်မှ နှင်ထုတ်ပါကုန်၏ဟု (လျှောက်၏)၊ “ပုဏ္ဏား သို့ဖြစ်လျှင် သင် သည် ဤဂါထာတို့ကို သင်ယူ၍ လူအပေါင်း စုဝေးရာ အစည်းအဝေးသဘင်၌ သားတို့ အတူတကွ ထိုင် နေကုန်သည် ရှိသော် ရွတ်လော့”ဟု မိန့်ဆို၏—

“အကြင်သားတို့ဖြင့် အကျွန်ုပ် နှစ်သက် , ဝမ်းမြောက်ခဲ့ရ၏၊ အကြင်သားတို့၏ ကြီးပွားခြင်းကိုလည်း အလိုရှိခဲ့၏၊ ‘ခွေးတို့သည် ဝက်ကို (ဟောင်၍) နှင်ထုတ် သကဲ့သို့’ ထိုသားတို့သည် မယားတို့နှင့် အတူ တိုင်ပင်ကာ ငါ့ကို (မြည်တမ်း ငေါက်အော်၍) နှင်ထုတ်ကုန်၏။

သူတော်မဟုတ် ယုတ်မာသော ရက္ခိုသ်တို့သည် သားတို့၏ အသွင်အပြင်ဖြင့် ငါ့ကို ‘ဖခင် ဖခင်’ဟု ခေါ်ကုန်၏၊ ထိုရက္ခိုသ်တို့သည် အရွယ်လွန်သော ငါ့ကို စွန့် ကုန်ယောင်တကား။

‘အိုမင်းသည်ဖြစ်၍ အသုံး မပြုနိုင်သော မြင်းကို အစာ မကျွေးဘဲ ဖယ်ထားဘိ သကဲ့သို့’ သူမိုက်တို့၏ အဖအိုသည် သူတစ်ပါးအိမ်တို့၌ တောင်းစားရ၏။

ငါ၏ လက်စွဲတောင်ဝှေးသည်ကား မြတ်သေး၏၊ ငါ့အား မရိုသေ မတုပ်ဝပ်သော သားတို့သည် မမြတ်ကုန်၊ တောင်ဝှေးသည် ကြမ်းသော နွားကိုလည်း တားမြစ် နိုင်၏၊ ထို့ပြင် ကြမ်းသော ခွေးကိုလည်း တားမြစ်နိုင်၏။

တောင်ဝှေးသည် မှောင်ထဲ၌ ရှေ့သွား ဖြစ်နိုင်၏၊ နက်သော ရေ၌ ထောက်တည် ရာကို ရနိုင်၏၊ ချော်ကျသော်လည်း တောင်ဝှေး၏ အစွမ်းကြောင့် ရပ်တည်နိုင်ရ၏၊ ထို့ကြောင့် တောင်ဝှေးသည် သားတို့ထက် မြတ်သေး၏”ဟု ဤသို့ (ရွတ်ဆိုလော့ဟု မိန့်ဆို၏)။

ထိုအခါ ဗြာဟ္မဏမဟာသာလပုဏ္ဏားသည် မြတ်စွာဘုရားအထံ၌ ဤဂါထာတို့ကို သင်ယူ၍ လူ အပေါင်း စုဝေးရာ အစည်းအဝေးသဘင်၌ သားတို့ အတူတကွ ထိုင်နေကုန်သည် ရှိသော် ရွတ်ဆို၏—

“အကြင်သားတို့ဖြင့် အကျွန်ုပ် နှစ်သက် , ဝမ်းမြောက်ခဲ့ရ၏၊ အကြင်သားတို့၏ ကြီးပွားခြင်းကိုလည်း အလိုရှိခဲ့၏၊ ‘ခွေးတို့သည် ဝက်ကို (ဟောင်၍) နှင်ထုတ် သကဲ့သို့’ ထိုသားတို့သည် မယားတို့နှင့် အတူ တိုင်ပင်ကာ ငါ့ကို (မြည်တမ်း ငေါက်အော်၍) နှင်ထုတ်ကုန်၏။

သူတော်မဟုတ် ယုတ်မာသော ရက္ခိုသ်တို့သည် သားတို့၏ အသွင်အပြင်ဖြင့် ငါ့ကို ‘ဖခင် ဖခင်’ဟု ခေါ်ကုန်၏၊ ထိုရက္ခိုသ်တို့သည် အရွယ်လွန်သော ငါ့ကို စွန့် ကုန်ယောင်တကား။

‘အိုမင်းသည် ဖြစ်၍ အသုံး မပြုနိုင်သော မြင်းကို အစာ မကျွေးဘဲ ဖယ်ထား ဘိသကဲ့သို့’ သူမိုက်တို့၏ အဖအိုသည် သူတစ်ပါးအိမ်တို့၌ တောင်းစားရ၏။

ငါ၏ လက်စွဲတောင်ဝှေးသည်ကား မြတ်သေး၏၊ ငါ့အား မရိုသေ မတုပ်ဝပ်သော သားတို့သည် မမြတ်ကုန်၊ တောင်ဝှေးသည် ကြမ်းသော နွားကိုလည်း တားမြစ်နိုင်၏၊ ထို့ပြင် ကြမ်းသော ခွေးကိုလည်း တားမြစ်နိုင်၏။

တောင်ဝှေးသည် မှောင်ထဲ၌ ရှေ့သွား ဖြစ်နိုင်၏၊ နက်သော ရေ၌ ထောက်တည် ရာကို ရနိုင်၏၊ ချော်ကျသော်လည်း တောင်ဝှေး၏ အစွမ်းကြောင့် ရပ်တည်နိုင်ရ၏၊ ထို့ကြောင့် တောင်ဝှေးသည့်သားတို့ထက် မြတ်သေး၏”ဟု ဤသို့ ရွတ်ဆို၏။

ထိုအခါ၌ ဗြာဟ္မဏမဟာသာလပုဏ္ဏားကို သားတို့သည် အိမ်သို့ ခေါ်ဆောင်ကာ ရေချိုးစေ၍ အသီးသီး ပုဆိုးအစုံကို ပေးကုန်၏၊ ထိုအခါ၌ ဗြာဟ္မဏမဟာသာလပုဏ္ဏားသည် တစ်ခုသော ပုဆိုးအစုံကို ယူ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဂေါတမ အကျွန်ုပ်တို့ ပုဏ္ဏားတို့မည်သည်ကား ဆရာအတွက် ဆရာစားဥစ္စာ ကို ရှာရပါကုန်၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်၏ ဆရာစားဥစ္စာကို အလှူခံတော်မူပါ”ဟု လျှောက်၏၊ မြတ်စွာဘုရားသည် သနားသမှုကို အကြောင်းပြု၍ အလှူခံတော်မူ၏၊ ထို့နောက် ထိုဗြာဟ္မဏမဟာသာလ ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်း ကပ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။