သံယုတ္တနိကာယ်—၇

၂—ဥပါသကဝဂ်

၉—မာတုပေါသကသုတ်

၂ဝ၅။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ အမိကို လုပ်ကျွေးသော ပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်း ကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဂေါတမ အကျွန်ုပ်သည် တရားသဖြင့် ထမင်းကို ရှာမှီးပါ၏၊ တရားသဖြင့် ထမင်းကို ရှာမှီး၍ အမိအဖတို့ကို လုပ်ကျွေးပါ၏။ အသျှင်ဂေါတမ အသို့နည်း၊ ဤသို့ ပြုလေ့ရှိသော အကျွန်ုပ်သည် ပြုဖွယ်ကိစ္စကို ပြုလေ့ရှိသူ ဖြစ်ပါသလော”ဟု လျှောက်၏၊ “ပုဏ္ဏား ဤသို့ ပြုလေ့ရှိသော သင်သည် ပြုဖွယ်ကိစ္စကို ပြုလေ့ရှိသူ ဖြစ်ပေ၏၊ ပုဏ္ဏား အကြင်သူသည် တရားသဖြင့် ထမင်းကို ရှာမှီး၏၊ တရား သဖြင့် ထမင်းကို ရှာမှီး၍ အမိအဖတို့ကို လုပ်ကျွေး၏၊ ထိုသူသည် များသော ကောင်းမှုတို့ကို ဖြစ်ပွား စေ၏”ဟု (မိန့်တော်မူ၏)။

“အကြင်သူသည် အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း တရားသဖြင့် လုပ် ကျွေး၏။ အမိအဖတို့၌ လုပ်ကျွေးခြင်းကြောင့် ထိုလုပ်ကျွေးသော သူကို ပညာရှိတို့ သည် ဤဘဝ၌ပင်လျှင် ချီးမွမ်းကုန်၏၊ တမလွန်ဘဝဝယ် နတ်ပြည်၌ မွေ့လျော်ရ၏”ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည် ရှိသော် မာတုပေါသကပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ (တရား တော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမ အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။