သံယုတ္တနိကာယ်—၇

၁—အရဟန္တဝဂ်

၂—အက္ကောသသုတ်

၁၈၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ “ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် ရဟန်းဂေါတမ၏ အထံ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုသတတ်”ဟု အက္ကောသက ဘာရဒွါဇပုဏ္ဏား ကြားသောကြောင့် အမျက်ထွက်သည် နှလုံးမသာသည် ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဉ်း ကပ်လျက် ပရိသတ်အလယ် မဖွယ်မရာဖြစ်ကုန်သော ကြမ်းကြုတ်ကုန်သော စကားတို့ဖြင့် မြတ်စွာဘုရား ကို ဆဲရေး၏၊ ခြိမ်းခြောက်၏။

ဤသို့ ဆဲရေး, ခြိမ်းခြောက်သည် ရှိသော် မြတ်စွာဘုရားသည် အက္ကောသကဘာရဒွါဇပုဏ္ဏားကို “ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်၏ ဧည့်သည်ဖြစ်သည့် အဆွေခင်ပွန်း, ဆွေမျိုး သားချင်းတို့သည် လာကုန်၏လော”ဟု မိန့်တော်မူ၏၊ အသျှင်ဂေါတမ တစ်ရံတစ်ခါ အကျွန်ုပ်၏ ဧည့်သည် ဖြစ်သော အဆွေခင်ပွန်း , ဆွေမျိုးသားချင်းတို့သည် လာပါကုန်၏ဟု (လျှောက်၏)။ “ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် ထိုအဆွေခင်ပွန်း, ဆွေမျိုးသားချင်းတို့အား ခဲဖွယ်ကိုလည်းကောင်း၊ စားဖွယ်ကိုလည်းကောင်း၊ လျက်ဖွယ်ကိုလည်းကောင်း ပေးသည့်မဟုတ်လော”ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ တစ်ရံတစ်ခါ အကျွန်ုပ်သည် အဆွေခင်ပွန်း, ဆွေမျိုးသားချင်းတို့အား ခဲဖွယ်ကိုလည်းကောင်း၊ စားဖွယ်ကိုလည်းကောင်း၊ လျက်ဖွယ်ကိုလည်းကောင်း ပေးပါ၏ဟု (လျှောက်၏)။ ပုဏ္ဏား ထိုသူတို့သည် အကယ်၍ မခံယူကုန်သည်ဖြင့်အံ့၊ ထိုဥစ္စာသည် အဘယ်သူအား ရောက်သနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ထိုသူတို့သည် အကယ်၍ မခံယူကုန်သည် ဖြစ်အံ့၊ ထိုဥစ္စာသည် အကျွန်ုပ်တို့ အားသာလျှင် ရောက်ပါ၏ဟု (လျှောက်၏)။ ပုဏ္ဏား ဤအတူသာလျှင် အကြင်အကြောင်းကြောင့် သင်သည် မဆဲရေးထိုက်ကုန်သော ငါတို့ကို ဆဲရေး၏၊ မချုပ်ချယ်ထိုက်ကုန်သော ငါတို့ကို ချုပ်ချယ်၏၊ မချောက်ချား ထိုက်ကုန်သော ငါတို့ကို ချောက်ချား၏၊ သင်၏ ထိုဆဲရေးခြင်းစသည်တို့ကို ငါတို့ မခံယူကုန်၊ ပုဏ္ဏား ဤဆဲရေးခြင်းစသည်သည် သင့်အားသာလျှင် ရောက်၏၊ ပုဏ္ဏား ဤဆဲရေးခြင်းစသည်သည် သင့်အားသာ လျှင် ရောက်၏။

ပုဏ္ဏား စင်စစ် အကြင်သူသည် ဆဲရေးတတ်သောသူကို ပြန်၍ ဆဲရေး၏၊ ချုပ်ချယ်တတ်သောသူကို ပြန်၍ ချုပ်ချယ်၏၊ ချောက်ချားတတ်သောသူကို ပြန်၍ ချောက်ချား၏၊ ပုဏ္ဏား ဤသူကို အတူခံစားသည် ပြုတုံ့ပြုသည် မည်၏ဟု ဆိုအပ်၏။ ထိုငါတို့သည် သင်နှင့် အတူ ခံစားဖက် မဟုတ်ကုန်၊ ပြုတုံ့ မပြုကုန်၊ ပုဏ္ဏား ဤဆဲရေးခြင်း စသည်သည် သင့်အားသာလျှင် ရောက်၏၊ ပုဏ္ဏား ဤဆဲရေးခြင်း စသည်သည် သင့်အားသာလျှင် ရောက်၏ဟု (မိန့်တော်မူ၏)။ မင်းနှင့် တကွသော ပရိတ်သတ်သည် အသျှင်ဂေါတမကို “ရဟန်းဂေါတမသည် ပူဇော်အထူးကို ခံယူတော်မူထိုက်၏”ဟု သိ၏၊ ယင်းသို့ သိလျက် အသျှင်ဂေါတမ သည် အမျက်ထွက်ဘိ၏ဟု ဆို၏။

“ပုဏ္ဏား ယဉ်ကျေးသော တရားနှင့်အညီ အသက်မွေးလေ့ရှိသော သစ္စာလေးပါး တရားကို ကောင်းစွာ သိ၍ ကိလေသာမှ လွတ်သော စိတ်ရှိသော ငြိမ်သက်သော စိတ်ရှိသော တာဒိဂုဏ်နှင့် ပြည့်စုံသော အမျက်မထွက်သော ပုဂ္ဂိုလ်အား အမျက် ထွက်ခြင်းသည် အဘယ်အကျိုးရှိအံ့နည်း။

အကြင်သူသည် အမျက်ထွက်သူကို ပြန်၍ အမျက်ထွက်၏၊ ထိုသူ သည်သာ ထို အမျက်ထွက်သောသူကို ပြန်၍ အမျက်ထွက်ခြင်းကြောင့် ယုတ်မာ၏။ အမျက်ထွက်သူကို ပြန်၍ အမျက်မထွက်သူသည် အောင်နိုင် ခဲသော ရန်စစ်သည်ကို အောင်နိုင်သည် မည်၏။

အကြင်သူသည် အမျက်ထွက်သော သူတစ်ပါးကို သိသည်ရှိသော် သတိနှင့်ပြည့်စုံ သည်ဖြစ်၍ အမျက်ကို ငြိမ်းအေးစေ၏၊ (ထိုအမျက်ကို မတုံ့ပြန်သော သူသည်) မိမိသူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကို ကျင့်သည် မည်၏။

အကြင်သူတို့သည် (သစ္စာလေးပါး) တရား၌ မသိမလိမ္မာကြကုန်၊ (ထိုသူတို့သည်) မိမိသူတစ်ပါး နှစ်ဦးသားတို့အား အမျက်ငြိမ်းစေသော ကုစားခြင်းအားဖြင့် ကုစား သူကို လူမိုက်ဟူ၍ မှတ်ထင်ကုန်၏”ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည် ရှိသော် အက္ကောသကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား “အသျှင် ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် အသျှင်ဂေါတမ၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏”ဟု လျှောက်၏။

အက္ကောသကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလေ၏၊ ရဟန်းအဖြစ်ကို ရလေ၏၊ ရဟန်းဖြစ်၍ မကြာမြင့်သေးသော အသျှင်အက္ကောသကဘာရဒွါဇသည် တစ်ယောက်တည်း ဆိတ် ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာ အားထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် ကောင်းစွာသာလျှင် လူ့ဘောင်မှ (ရဟန်းဘောင်) သို့ ဝင်ရောက် (ရဟန်း) ပြုကြသော အမျိုးသားများ လိုလားတောင့်တအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို မကြာမီ မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် ကောင်းစွာ မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်ပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စ အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ အသျှင်ဘာရဒွါဇသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါး အပါအဝင် ဖြစ်လေသတည်း။