သံယုတ္တနိကာယ်—၇

၂—ဥပါသကဝဂ်

၁ဝ—ဘိက္ခကသုတ်

၂ဝ၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ ဘိက္ခကပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဂေါတမ အကျွန်ုပ်သည်လည်း တောင်းသူ ဖြစ်ပါ၏၊ အသျှင်သည်လည်း တောင်းသူ ဖြစ်ပါ၏၊ ဤသို့ တောင်း တတ်ခြင်း၌ အကျွန်ုပ်တို့၏ ထူးသော အကြောင်းသည် အဘယ်ပါနည်း”ဟု လျှောက်၏။

“ပုဏ္ဏား အနံ့မကောင်းသော အကုသိုလ်တရားကို ဆောက်တည်၍ သူတစ်ပါးတို့ကို တောင်းတတ်ကာမျှဖြင့် ‘ဘိက္ခက’ မမည်၊ တောင်းစားတတ်၍ ‘ဘိက္ခု’အမည် ခံသူ ရှိသမျှသည်လည်း တောင်းတတ်ကာမျှဖြင့် ‘ဘိက္ခု’မည်သည် မဟုတ်။

ဤလောက၌ အကြင်သူသည် ကောင်းမှုကိုလည်းကောင်း၊ မကောင်းမှုကိုလည်းကောင်း ပယ်၍ မြတ်သောအကျင့်ကို ပညာဖြင့် ဆင်ခြင်လျက် ကျင့်၏။ ထိုသူ့ကိုသာ စင်စစ် ‘ဘိက္ခု’ဟူ၍ ဆိုအပ်၏”ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည် ရှိသော် ဘိက္ခကအမည်ရှိသော ပုဏ္ဏားသည် မြတ်စွာဘုရားကို ဤသို့ လျှောက်၏— “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ (တရား တော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက် ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။