သံယုတ္တနိကာယ်—၇

၂—ဥပါသကဝဂ်

၁၁—သင်္ဂါရဝသုတ်

၂ဝ၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ သင်္ဂါရဝမည်သော ပုဏ္ဏားသည် သာဝတ္ထိပြည်၌ နေ၏၊ ရေဖြင့် စင်ကြယ်၏ဟု အယူရှိသည်ဖြစ်၍ ရေဖြင့် စင်ကြယ်ခြင်းကို ယုံကြည်၏၊ ည နံနက်တိုင်း ရေသို့ ဆင်းသက် အားထုတ်မှုကို အားထုတ်သည်ဖြစ်၍ နေ၏၊ ထိုအခါ၌ အသျှင်အာနန္ဒာသည် နံနက်အခါ သင်္ကန်းကို ပြင် ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံ လှည့် လည်၍ ဆွမ်းစားပြီးသည့်နောက် ဆွမ်းခံရွာမှ ဖဲခဲ့၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား သင်္ဂါရဝမည်သော ပုဏ္ဏားသည် သာဝတ္ထိပြည်၌ နေပါ၏၊ ရေဖြင့် စင်ကြယ်၏ဟု အယူ ရှိသည်ဖြစ်၍ ရေဖြင့် စင်ကြယ်ခြင်းကို ယုံကြည်ပါ၏၊ ည နံနက်တိုင်း ရေသို့ ဆင်းသက် အားထုတ်မှုကို အားထုတ်သည်ဖြစ်၍ နေပါ၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် သနားသမှု အကြောင်း ပြု၍ သင်္ဂါရဝပုဏ္ဏား၏ အိမ်သို့ ချဉ်းကပ်တော်မူပါလော့”ဟု လျှောက်၏၊ မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံတော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူ ပြီးလျှင် သင်္ဂါရဝပုဏ္ဏား၏ အိမ်သို့ ချဉ်းကပ်လျက် ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏။ ထိုအခါ သင်္ဂါရဝပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ် ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော သင်္ဂါရဝပုဏ္ဏားအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— “ပုဏ္ဏား သင်သည် ရေဖြင့် စင်ကြယ်၏ဟု အယူရှိသည် ဖြစ်၍ ရေဖြင့် စင်ကြယ်ခြင်းကို ယုံကြည်၏၊ ည နံနက်တိုင်း ရေသို့ ဆင်းသက်အားထုတ်မှုကို အားထုတ်သည် ဖြစ်၍ နေ၏ဟူသည် မှန် သလော”ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ဤအတိုင်း မှန်ပါ၏ဟု (လျှောက်၏)။

ပုဏ္ဏား သင်သည် အဘယ်အကျိုးထူးကို မြင်သည်ဖြစ်၍ ရေဖြင့် စင်ကြယ်၏ဟု အယူရှိသည်ဖြစ်၍ ရေဖြင့် စင်ကြယ်ခြင်းကို ယုံကြည်သနည်း၊ ည နံနက်တိုင်း ရေသို့ ဆင်းသက်အားထုတ်မှုကို အားထုတ် လျက် နေသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အကျွန်ုပ်သည် အကြင်မကောင်းမှုကို နေ့အခါ၌ ပြုမိအံ့၊ ထိုမကောင်းမှုကို ညဉ့်အခါ၌ ရေချိုးခြင်းဖြင့် မျှော၏။ ညဉ့်အခါ၌ အကြင်မကောင်းမှုကို ပြုမိအံ့၊ ထိုမကောင်းမှုကို နံနက်အခါ၌ ရေချိုးခြင်းဖြင့် မျှော၏။ အသျှင်ဂေါတမ အကျွန်ုပ်သည် ဤအကျိုးထူးကို မြင်သောကြောင့် ရေဖြင့် စင်ကြယ်၏ဟု အယူရှိသည်ဖြစ်၍ ရေဖြင့် စင်ကြယ်ခြင်းကို ယုံကြည်ပါ၏၊ ယခု အခါ ည နံနက်တိုင်း ရေသို့ ဆင်းသက်အားထုတ်မှုကို အားထုတ်သည် ဖြစ်၍ နေပါ၏ဟု လျှောက်၏—

“ပုဏ္ဏား (အဋ္ဌင်္ဂ ိကမဂ်) တရားသည် ထုံးအိုင်သဖွယ် ဖြစ်၏၊ သီလဟူသော ရေချိုးဆိပ် ရှိ၏၊ မနောက်ကျု၊ သူတော်ကောင်းတို့သည် သူတော်ကောင်းတို့အား ချီးမွမ်းအပ်၏၊ အကြင်ထုံးအိုင်၌ စင်စစ် ဉာဏ်၏ အဆုံးသို့ ရောက်ကြသူ (ရဟန္တာ ပုဂ္ဂိုလ်)တို့သည် ရေချိုးကုန်၏၊ ထိုထုံးအိုင်၌ မစွတ်သော ကိုယ်ရှိကုန်သည် ဖြစ်၍ သာလျှင် တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ကူးကုန်၏”ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည်ရှိသော် သင်္ဂါရဝပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။