သံယုတ္တနိကာယ်—၇

၁—အရဟန္တဝဂ်

၃—အသုရိန္ဒကသုတ်

၁၈၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ “ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် ရဟန်းဂေါတမ၏ အထံ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) သတတ်”ဟု အသုရိန္ဒက ဘာရဒွါဇပုဏ္ဏား ကြားသောကြောင့် အမျက်ထွက်သည် နှလုံးမသာသည်ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဉ်း ကပ်လျက် ပရိသတ်အလယ် မဖွယ်မရာဖြစ်ကုန်သော ကြမ်းကြုတ်ကုန်သော စကားတို့ဖြင့် မြတ်စွာဘုရား ကို ဆဲရေး၏၊ ခြိမ်းခြောက်၏။ ဤသို့ ဆဲရေး, ခြိမ်းခြောက်သည် ရှိသော် မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော်မူ၏၊ ထိုအခါ၌ အသုရိန္ဒကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား “ရဟန်း အောင်ပြီ၊ ရဟန်း အောင်ပြီ”ဟု ဆို၏—

“ပုဏ္ဏား ကြမ်းကြုတ်သော စကားကို ဆိုသော သူမိုက်သည် စကားမျှဖြင့် (သူတစ်ပါးကို) အောင်ပြီဟူ၍ အောက်မေ့၏၊ ပညာရှိပုဂ္ဂိုလ်၏ အကြင်သည်းခံမှု သည် ရှိ၏၊ ထိုသည်းခံမှုသည်သာ ထိုပညာရှိအား အောင်မြင်ခြင်း ဖြစ်၏။

အကြင်သူသည် အမျက်ထွက်သူကို ပြန်၍ အမျက်ထွက်၏၊ ထိုသူသည်သာ ထို အမျက်ထွက်သောသူကို ပြန်၍ အမျက်ထွက်ခြင်းကြောင့် ယုတ်မာ၏။ အမျက်ထွက် သူကို ပြန်၍ အမျက် မထွက်သူသည် အောင်နိုင်ခဲသော ရန်စစ်သည်ကို အောင်နိုင် သည် မည်၏။

အကြင်သူသည် အမျက်ထွက်သော သူတစ်ပါးကို သိသည် ရှိသော် သတိနှင့် ပြည့်စုံသည်ဖြစ်၍ အမျက်ကို ငြိမ်းအေး၏၊ (ထိုအမျက်ကို မတုံ့ပြန်သော သူသည်) မိမိသူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကို ကျင့်သည် မည်၏။

အကြင်သူတို့သည် (သစ္စာလေးပါး) တရား၌ မသိမလိမ္မာကြကုန်၊ (ထိုသူတို့သည်) မိမိသူတစ်ပါး နှစ်ဦးသားတို့အား အမျက်ငြိမ်းစေသော ကုစားခြင်းအားဖြင့် ကုစား သူကို လူမိုက်ဟူ၍ မှတ်ထင်ကုန်၏”ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသည်ရှိသော် အသုရိန္ဒကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ သိ၏။ အသျှင်ဘာရဒွါဇသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။