သံယုတ္တနိကာယ်—၇

၁—အရဟန္တဝဂ်

၅—အဟိံသကသုတ်

၁၉၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ အဟိံသကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဂေါတမ အကျွန်ုပ် သည် အဟိံသကပါတည်း၊ အသျှင်ဂေါတမ အကျွန်ုပ်သည် အဟိံသကပါတည်း”ဟု လျှောက်၏—

“အကြင်သူသည် ကိုယ်, နှုတ်, စိတ်ဖြင့် သူတစ်ပါးကို မသတ်ဖြတ် မညှဉ်းဆဲ၊ ထို သူသည် အဟိံသက ဖြစ်၏။ သင်သည် အဟိံသက ဖြစ်ခဲ့မူ အမည်အားလျော်စွာ မညှင်းဆဲသူ ဖြစ်ပါလေလော့။ မှန်၏၊ အကြင်သူသည် သူတစ်ပါးကို မသတ်ဖြတ် မညှင်းဆဲ၊ ထိုသူသည်သာလျှင် အဟိံသက အမှန်ဖြစ်၏”ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသည်ရှိသော် အဟိံသကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ သိ်၏။ အသျှင်အဟိံသက ဘာရဒွါဇသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။