သံယုတ္တနိကာယ်—၇

၁—အရဟန္တဝဂ်

၇—သုဒ္ဓိကသုတ်

၁၉၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ သုဒ္ဓိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤ ဂါထာကို ရွတ်ဆိုလျှောက်ထား၏ —

“လောက၌ မည်သည့် ဗြာဟ္မဏမျိုးမဆို ပြင်းထန်သော အကျင့်ကို ကျင့်လျက် သီလရှိပါသော်လည်း စင်ကြယ်သည် မဟုတ်၊ ဗေဒင်သုံးပုံ ‘ဝိဇ္ဇာ’, အမျိုး၏ အကျင့် ‘စရဏ’နှင့် ပြည့်စုံ၍ (အမျိုးသန့်သော) ဗြာဟ္မဏသည်သာ စင်ကြယ်၏၊ ဝိဇ္ဇာ စရဏကို မသိသော ဤမှတစ်ပါး အခြားသတ္တဝါသည် မစင်ကြယ်”ဟု လျှောက်၏။

ပုဏ္ဏား စင်ကြယ်၏ဟူသော စကားကို များစွာဆိုပါသော်လည်း ‘ယောက်သွားပုပ် ကဲ့သို့’ ကိလေသာအတွင်းပုပ်သော ညစ်ညူးခြင်းရှိသော ဟန်ဆောင်မှုကို မှီသူသည် အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်။

မင်းဖြစ်စေ , ပုဏ္ဏားဖြစ်စေ , ကုန်သည်ဖြစ်စေ , သူဆင်းရဲဖြစ်စေ , ဒွန်းစဏ္ဍား ပန်းမှိုက်သွန်ပင်ဖြစ်စေ ထက်သန်သော ဝီရိယရှိ၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကာ မြဲမြံသော အားထုတ်မှု ရှိသူသည်သာ မြင့်မြတ်သော စင်ကြယ်ခြင်းသို့ ရောက်နိုင်၏၊ ပုဏ္ဏား ဤသို့ သိလော့ဟု မိန့်တော်၏။

ဤသို့ မိန့်တော်မူသည် ရှိသော် သုဒ္ဓိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဘာရဒွါဇသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။