သံယုတ္တနိကာယ်—၇

၁—အရဟန္တဝဂ်

၉—သုန္ဒရိကသုတ်

၁၉၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်း သုန္ဒရိကမြစ်၏ ကမ်းနား၌ (သီတင်း သုံး) နေတော်မူ၏။ ထိုအခါ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မီးကို ပူဇော်၏၊ မီးပူဇော်ခြင်းဖြင့် လုပ်ကျွေး၏၊ ထိုအခါ၌ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မီးကို ပူဇော်ပြီး၍ မီးပူဇော်ခြင်းဖြင့် လုပ်ကျွေးပြီး၍ နေရာမှ ထ လျက် “အဘယ်သူသည် ဤမီးပူဇော်ကြွင်း (ဃနာထမင်း) ကို စားရာအံ့နည်း”ဟု ထက်ဝန်းကျင် အရပ် လေးမျက်နှာကို လှည့်၍ ကြည့်၏။ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် တစ်ခုသော သစ်ပင်ရင်း၌ ခေါင်းမြီး ခြုံလျက် ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်သောကြောင့် လက်ဝဲလက်ဖြင့် မီးပူဇော်ကြွင်း (ဃနာ ထမင်း) ကို ယူ၍ လက်ယာလက်ဖြင့် ရေကရားကို ယူလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လေ၏၊ ထိုအခါ မြတ်စွာဘုရားသည် သုန္ဒရိကဘာရဒွါဇပုဏ္ဏား၏ ခြေသံကြောင့် ဦးခေါင်းကို ဖွင့်တော်မူ၏၊ ထိုအခါ သုန္ဒရိက ဘာရဒွါဇပုဏ္ဏားသည် “ဤအသျှင်သည် ဦးပြည်းပါတကား၊ ဤအသျှင်သည် ဦးပြည်းပါတကား”ဟု ထို အရပ်မှ ပြန်ဆုတ်လို၏၊ ထို့နောက် သုန္ဒရိကဘာရဒွါဇပုဏ္ဏားအား “ဤလောက၌ ဦးပြည်းကုန်သော ဗြာဟ္မဏအချို့တို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ဦးပြည်းဖြစ်သော သူကို ကပ်၍ ဇာတ်ကို မေးရမူ ကား ကောင်းလေစွ”ဟု အကြံ ဖြစ်၏။

ထိုအခါ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအား “အသျှင် သည် အဘယ်ဇာတ်ရှိပါသနည်း”ဟူ၍ ဤစကားကို လျှောက်၏ —

“ပုဏ္ဏား ဇာတ်ကို မမေးသင့်၊ အကျင့် (စရဏ) ကိုသာ မေးလော့၊ မီးသည် ထင်းမှ ဖြစ်၏၊ အမျိုးပင်ယုတ်သော်လည်း ရဟန်းသည် တည်ကြည်ခြင်း ရှိ၏၊ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိတတ်၏၊ အရှက်ဖြင့် (မကောင်းမှုတို့ကို) တားမြစ်တတ်၏။

မှန်ကန်မှု ‘သစ္စာ’ဖြင့် ယဉ်ကျေး၏၊ ဣန္ဒြေကို ဆုံမခြင်းနှင့် ပြည့်စုံ၏၊ ဉာဏ်တို့၏ အဆုံးသို့ ရောက်၏၊ အကျင့်မြတ်ကို ကျင့်သုံးပြီး ဖြစ်၏၊ ဆောင်အပ်ပြီးသော ပူဇော်မှု ယဇ်လည်း ရှိ၏၊ ထိုရဟန်းကို လျောက်ပတ်သော အခါ၌ ပင့်ခေါ်ရာ၏၊ ထို ပင့်ခေါ်တတ်သူသည် မြတ်သော အလှူခံတို့ကို ပူဇော်သည် မည်၏”ဟု မိန့်တော်မူ၏။

အကြင်ပူဇော်ခြင်းဟူသော အကြောင်းကြောင့် ထိုသို့သဘောရှိသော ဉာဏ်တို့၏ အဆုံးသို့ ရောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ဖူးမြင်ရပါ၏၊ ထို့ကြောင့် မချွတ် ဤ ပူဇော်ခြင်းသည် အကျွန်ုပ်အား ကောင်းစွာ ပူဇော်ခြင်း ဖြစ်လတ္တံ၊ ကောင်းစွာ လုပ် ကျွေးခြင်း ဖြစ်လတံ္တ။ မှန်၏၊ အသျှင်ဘုရားတို့ကဲ့သို့သော ပုဂ္ဂိုလ်တို့ကို မဖူးမြော် ရသောကြောင့် မီးပူဇော်ကြွင်း (ဃနာထမင်း) ကို တစ်ပါးသော သူသည် စား၏ဟု (လျှောက်၏)။

အသျှင်ဂေါတမသည် ဗြာဟ္မဏ ဖြစ်ပါပေ၏ အသျှင်သည် ဘုဉ်းပေးတော်မူပါလော့ဟု လျှောက်၏။

“ပုဏ္ဏား ဂါထာဖြင့် သီဆို၍ ရအပ်သော ဆွမ်းကို ငါဘုရား မသုံး ဆောင်၊ ပုဏ္ဏား (အကျိုးအကြေင်းကို) သိမြင်ကုန်သော သူတော်ကောင်းတို့အား ဤသုံး ဆောင်ခြင်းသည် တရားသဘောသို့ မသက်ဝင်၊ ဘုရား သျှင်တို့သည် ဂါထာတို့ဖြင့် သီဆို၍ ရသော ဆွမ်းကို ပယ်ကုန်၏၊ ဤသည်လျှင် သူတော်ကောင်းတရား၌ တည်ကုန်သော ဘုရားသျှင်တို့၏ အသက် မွေးခြင်းတည်း။

ပုဏ္ဏား ဂုဏ်ကျေးဇူးကို ရှာမှီးတတ်သော နောင်တပူပန်မှု ငြိမ်းပြီးသော အလုံးစုံ ကိစ္စ ပြီးပြီးသော ထိုရဟန္တာပုဂ္ဂိုလ်ကို ဂါထာဖြင့် သီဆို၍ ရသော ဆွမ်းမှ တစ်ပါး အခြားသော ဆွမ်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်း လုပ်ကျွေးလော့။ ထိုရဟန္တာပုဂ္ဂိုလ်သည် ကောင်းမူကို အလိုရှိသော သူ၏ လယ်မြေကောင်းသဖွယ် ဖြစ်၏”ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ သို့ဖြစ်လျှင် အကျွန်ုပ်သည် ဤမီးပူဇော်ကြွင်း (ဃနာထမင်း) ကို အဘယ်သူအား ပေးအံ့နည်းဟု (လျှောက်၏)၊ “ပုဏ္ဏား နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ ငါဘုရားကိုလည်းကောင်း၊ ငါဘုရား၏ တပည့် သာဝကကိုလည်းကောင်း ဖယ်ထား၍ မီးပူဇော်ကြွင်း (ဃနာထမင်း) ကို စားသည်ရှိသော် ကောင်းစွာ ကျေ ညက်ခြင်းသို့ ရောက်ရာသော သူကို ငါ မမြင်။ သို့ဖြစ်သောကြောင့် သင်သည် ထိုမီးပူဇော်ကြွင်း (ဃနာ ထမင်း) ကို စိမ်းသော မြက်သစ်ပင် မရှိရာ၌မူလည်း စွန့်လော့၊ ပိုးမရှိသော ရေ၌မူလည်း မျှောလော့”ဟု မိန့်ဆို၏။

ထိုအခါ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် ထိုမီးပူဇော်ကြွင်း (ဃနာထမင်း) ကို ပိုးမရှိသော ရေ၌ မျှော၏၊ ထိုအခါ ထိုမီးပူဇော်ကြွင်း (ဃနာထမင်း) သည် ရေ၌ မျှောအပ်သည် ရှိသော် စိတ်စိတ် စိတ်စိတ် မြည်၏၊ ထက်ဝန်းကျင် အခိုးထ၏၊ ထက်ဝန်းကျင် ပြင်းစွာ အခိုးထ၏၊ တစ်နေ့လုံးပူသော သံတွေခဲကို ရေ၌ ထည့် သည်ရှိသော် စိတ်စိတ် စိတ်စိတ် မြည်သကဲ့သို့ ထက်ဝန်းကျင် အခိုးထသကဲ့သို့ ထက်ဝန်းကျင် ပြင်းစွာ အခိုးထသကဲ့သို့တို့အတူ ထိုမီးပူဇော်ကြွင်း (ဃနာထမင်း) သည် ရေ၌ ထည့်သည်ရှိသော် စိတ်စိတ် စိတ်စိတ် မြည်၍ အခိုးထ၏၊ ထက်ဝန်းကျင် အခိုးထ၏၊ ထက်ဝန်းကျင် ပြင်းစွာ အခိုးထ၏။

ထိုအခါ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် ထိတ်လန့်သည် ကြက်သီးမွေးညင်း ထသည်ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် တစ်ခုသော နေရာ၌ ရပ်တည်နေ၏၊ တစ်ခုသော နေရာ၌ ရပ်တည်နေသော သုန္ဒရိကဘာရဒွါဇပုဏ္ဏားကို မြတ်စွာဘုရားသည် ဂါထာတို့ဖြင့် ရွတ်ဆို ဟောကြား၏— “ပုဏ္ဏား ထင်းကို မီးရှို့သော သင်သည် မီးရှို့ကာမျှဖြင့် စင်ကြယ်၏ဟု မအောက် မေ့လင့်။ အဘယ်ကြောင့်နည်း၊ ထိုထင်းကို မီးရှို့ခြင်းသည် အပ၌သာ ဖြစ်၏။ ထိုစကားသည် မှန်၏၊ အကြင်သူသည် အပ၌ ဖြစ်သော မီးရှို့ခြင်းဖြင့် စင်ကြယ်ခြင်းကို အလိုရှိ၏၊ ထိုသူကို ထိုမီးရှို့ခြင်းကြောင့် စင်ကြယ်၏ဟု ပညာရှိတို့ မဆို ကုန်။

ပုဏ္ဏား ငါသည် ထင်းကို မီးရှို့ခြင်းကို ပယ်၍ ကိုယ်တွင်းသန္တာန်၌သာလျှင် ဉာဏ်မီးကို တောက်ပစေ၏၊ မပြတ်တောက်ပသော (ဉာဏ်) မီးရှိသော အမြဲမပြတ် တည်ကြည်သောစိတ်ရှိသော ရဟန္တာဖြစ်သော ငါသည် မြတ်သောအကျင့်ကို ကျင့်၏။

ပုဏ္ဏား သင်၏ ထောင်လွှားခြင်း ‘မာန’သည် ထမ်းပိုးဝန်သဖွယ် ဖြစ်၏၊ အမျက် ‘ဒေါသ’သည် မီးခိုးသဖွယ် ဖြစ်၏၊ မမှန်ချွတ်ယွင်း ပြောဆိုခြင်းသည် ပြာသဖွယ် ဖြစ်၏၊ ပုဏ္ဏား (ငါ၏) လျှာသည် (တရားတည်းဟူသော ယဇ်ကို ပူဇော်ခြင်းငှါ) ယဇ်ယောက်မသဖွယ် ဖြစ်၏၊ (သတ္တဝါတို့၏) နှလုံးသည် (တရားတည်းဟူသော) ယဇ်၏ မီးတောက်ရာ ဌာနသဖွယ် ဖြစ်၏၊ သတ္တဝါအပေါင်း၏ ကောင်းစွာ ယဉ် ကျေးသော စိတ်သည် မီးသဖွယ် ဖြစ်၏။

ပုဏ္ဏား (အဋ္ဌင်္ဂိကမဂ်) တရားသည် ထုံးအိုင်သဖွယ် ဖြစ်၏၊ သီလဟူသော ရေချိုးဆိပ် ရှိ၏၊ မနောက်ကျု၊ သူတော်ကောင်းတို့သည် သူတော်ကောင်းတို့အား ချီးမွမ်းအပ်၏၊ အကြင်ထုံးအိုင်၌ စင်စစ် ဉာဏ်၏အဆုံးသို့ ရောက်ကြသူ (ရဟန္တာ ပုဂ္ဂိုလ်တို့သည်) ရေချိုးကုန်၏၊ ထိုထုံးအိုင်၌ မစွတ်သော ကိုယ်ရှိကုန်သည် ဖြစ်၍ သာလျှင် တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ကူးကုန်၏။

ပုဏ္ဏား မှန်ကန်သောစကား , တရား ‘ဓမ္မ’ , စောင့်စည်းမှုဟူသော ဤဗြဟ္မစရိယ သည် မဇ္ဈိမပဋိပဒါကို မှီသည်ဖြစ်၍ မြတ်သောအဖြစ်သို့ ရောက်စေတတ်၏၊ ထိုသင် သည် ဖြောင့်မတ်ကုန်သော (ရဟန္တာ) ပုဂ္ဂိုလ်တို့၌ ရှိခိုးခြင်းကို ပြုလော့၊ ထိုသူကို တရားအနှစ် ရှိ၏ဟူ၍ ငါ ဟော၏”ဟု (ရွတ်ဆို ဟောကြား၏)။

ဤသို့ ဟောတော်မူသည်ရှိသော် သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားကို ဤသို့ လျှောက်၏ — “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဘာရဒွါဇသည် ရဟန္တာ ပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။