သံယုတ္တနိကာယ်—၈

၁၁—ဂဂ္ဂရာသုတ်

၂၁၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် စမ္ပာပြည် ဂဂ္ဂရာရေကန်၏ ကမ်းနား၌ ငါးရာ အတိုင်း အရှည်ရှိသော များစွာသော ရဟန်းသံဃာတို့နှင့်လည်းကောင်း၊ ခုနစ်ရာသော ဥပါသကာယောကျာ်းတို့နှင့်လည်းကောင်း၊ ခုနစ်ရာသော ဥပါသိကာမတို့နှင့်လည်းကောင်း၊ အထောင်မက များကုန်သော နတ်တို့နှင့်လည်းကောင်း အတူ (သီတင်းသုံး) နေတော်မူ၏၊ ထိုရဟန်း,နတ်,လူတို့ထက် မြတ်စွာဘုရားသည် အဆင်း တော်ဖြင့်လည်းကောင်း၊ အခြံအရံဖြင့်လည်းကောင်း သာလွန်၍ တင့်တယ်တော်မူ၏။

ထိုအခါ၌ အသျှင်ဝင်္ဂီသအား ဤအကြံသည် ဖြစ်၏— “ဤမြတ်စွာဘုရားသည် စမ္ပာပြည် ဂဂ္ဂရာရေကန်၏ ကမ်းနား၌ ငါးရာအတိုင်းအရှည်ရှိသော များစွာသော ရဟန်းသံဃာတို့နှင့်လည်းကောင်း၊ ခုနစ်ရာသော ဥပါသကာယောကျာ်းတို့နှင့်လည်းကောင်း၊ ခုနစ်ရာသော ဥပါသိကာမတို့နှင့်လည်းကောင်း၊ အထောင်မက များစွာကုန်သော နတ်တို့နှင့်လည်းကောင်း အတူ (သီတင်းသုံး) နေတော်မူ၏၊ ထိုရဟန်း,နတ်,လူတို့ထက့်မြတ်စွာဘုရားသည် အဆင်းတော်ဖြင့်လည်းကောင်း၊ အခြံအရံဖြင့်လည်းကောင်း သာလွန်၍ တင့်တယ်တော်မူ၏၊ ငါသည် မြတ်စွာဘုရားကို မျက်မှောက်၌ သင့်လျော်သော ဂါထာဖြင့် ချီးကျူးရမူကား ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထို့နောက် အသျှင်ဝင်္ဂီသသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ အပေါ်ရုံကို စမ္ပာယ်တင်၍ “မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏”ဟု လျှောက်၏၊ ဝင်္ဂီသ သင်၏ ဉာဏ်၌ ရှေးရှုထင်စေလော့”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် မြတ်စွာဘုရား၏ မျက်မှောက်၌ သင့်လျော်သော ဂါထာဖြင့် ချီးကျူး၏။—

“တိမ်တိုက်ကင်းသော ကောင်းကင်၌ လမင်းသည် တင့်တယ်သကဲ့သို့လည်းကောင်း၊ အညစ်အကြေးကင်းသော နေမင်းသည် တင့်တယ်သကဲ့သို့လည်းကောင်း ဤအတူ မုနိအပေါင်းတို့ထက် မြတ်တော်မူသော ကိုယ်တော်မှ ပြိုးပြိုးပြက်ပြက် ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် အခြံအရံဖြင့် အလုံးစုံသော လောကကို လွန်၍ တင့်တယ်တော်မူ၏”ဟု (ချီးကျူး၏)။