သံယုတ္တနိကာယ်—၈

၁၂—ဝင်္ဂီသသုတ်

၂၂ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် ရဟန်းဖြစ်၍ မကြာမြင့်မီ အရဟတ္တဖိုလ်သို့ ရောက်သည်ဖြစ်၍ အရဟတ္တဖိုလ်ချမ်းသာကို ခံစား၏၊ ထိုအချိန်၌ ဤဂါထာတို့ကို ရွတ် ဆို၏—

“(ငါတို့သည်) ရှေးအခါက တစ်ရွာမှ တစ်ရွာသို့ တစ်ပြည်မှ တစ်ပြည်သို့ ကဗျာဖွဲ့ခြင်းမျှ အတိုင်းအရှည်ရှိကုန်သည် ဖြစ်၍ လှည့်လည်ကြကုန်၏၊ ထိုစဉ်အခါ မြတ်စွာဘုရားကို ငါတို့ ဖူးမြင်ကြရကုန်၏၊ ငါတို့အား ယုံကြည်မှု ဖြစ်ရကုန်၏။

ထိုမြတ်စွာဘုရားသည် ခန္ဓာ, အာယတန, ဓာတ်တို့ကို (ပြတော်မူလျက်) ငါ့အား တရားဟောတော်မူ၏၊ ငါသည် ထိုမြတ်စွာဘုရား၏ တရားကို ကြားနာရ၍ လူ့ ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရဟန်းပြုခဲ့ရ၏၊

အကြင်သူတို့သည် အမြဲချဉ်းကပ်၍ ဖူးမြင်ရကုန်၏၊ များစွာကုန်သော ထိုရဟန်း ယောကျာ်း ရဟန်းမိန်းမတို့၏ အကျိုးငှါ မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်ကို ရတော်မူပေ၏တကား။

ငါ၏ မြတ်စွာဘုရား အထံတော်သို့ (လာခြင်းသည်) ငါ့အား ကောင်းသော လာခြင်း ဖြစ်ပေစွတကား၊ သုံးပါးကုန်သော ဝိဇ္ဇာတို့ကို အစဉ်ရောက်ရပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုလုပ်ရပေပြီ။

ငါသည် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို သိ၏၊ မြတ်သော ဒိဗ္ဗစက္ခုဉာဏ်ကို သုတ်သင်အပ်ပြီးပြီ၊ (အသိဉာဏ်) ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူ ဖြစ်၍ (ဣဒ္ဓိဝိဓ) အဘိဉာဏ် ကို ရပြီ၊ သူတစ်ပါးစိတ်ကို ပိုင်းခြား၍ သိသော ဉာဏ်၌ လိမ္မာ၏”ဟု (ရွတ်ဆို၏)။

ဝင်္ဂီသသံယုတ် ပြီး၏။