သံယုတ္တနိကာယ်—၈

၃—ပေသလသုတ်

၂၁၁။ အခါတစ်ပါး၌ အသျှင်ဝင်္ဂီသသည် အာဠဝီပြည် အဂ္ဂါဠဝစေတီကျောင်း၌ အသျှင်နိဂြောဓကပ္ပ မည်သော ဥပဇ္ဈာယ်ဆရာနှင့် အတူနေ၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် မိမိ၏ စာပေပဋိဘာန်,ဉာဏ်ပညာဖြင့် သီလကို ချစ်မြတ်နိုးကုန်သော အခြားရဟန်းတို့ကို မထေမဲ့မြင် ပြု၏၊ ထိုအခါ အသျှင်ဝင်္ဂီသအား “ငါသည် မိမိ၏ စာပေပဋိဘာန်,ဉာဏ်ပညာဖြင့် သီလကို ချစ်မြတ်နိုးကုန်သော အခြားရဟန်းတို့ကို မထေမဲ့မြင် ပြုမိ၏၊ ငါ့အား (လူ၏ အဖြစ်ကို) အရမတော်စွတကား၊ ငါ့အား (လူ၏ အဖြစ်ကို) ရခြင်း မဖြစ်လေစွတကား၊ ငါ့အား (ရဟန်း၏ အဖြစ်ကို) မကောင်းသဖြင့် ရလေစွတကား၊ ငါ့အား (ရဟန်း၏ အဖြစ်ကို) ကောင်းစွာ ရခြင်း မဖြစ်လေစွတကား”ဟု အကြံ ဖြစ်၏၊ ထိုအခါအသျှင်ဝင်္ဂီသသည် ကိုယ်တိုင်ပင်လျှင် မိမိ၏ နှလုံး မသာယာခြင်းကို ဖြစ်စေရကား ထိုအချိန်၌ ဤ ဂါထာတို့ကို ရွတ်ဆို၏—

“ဂေါတမနွယ်ဖြစ်သော ဟယ် ဝင်္ဂီသ မာနကို ပယ်ဘိလော့၊ မာန၏ သွားရာ ခရီးကိုလည်း အကြွင်းမဲ့ ပယ်လော့၊ မာန၏ သွားရာ ခရီး၌ တွေဝေသည် ဖြစ်၍ ရှည်စွာသော ကာလပတ်လုံး နှလုံးမသာမယာ ဖြစ်ရပြီ။

ကျေးဇူးကို ချေဖျက်ခြင်းဖြင့် ချေဖျက်ကုန်သော သတ္တဝါတို့သည် မာနနှိပ်စက်အပ် ကုန်သည် ဖြစ်၍ ငရဲသို့ ကျရကုန်၏၊ မာနနှိပ်စက်အပ်ကုန်သည် ဖြစ်၍ ငရဲ၌ ဖြစ်ရကုန်သော သတ္တဝါတို့သည် ရှည်မြင့်စွာသော ကာလပတ်လုံး စိုးရိမ်ရကုန်၏။

မဂ်ဖြင့် (ကိလေသာကို) အောင်ပြီးသော ကောင်းစွာ ကျင့်သော ရဟန်းသည် တစ်ရံတစ်ဆစ်မျှ မစိုးရိမ်ရ။ ကျော်စောခြင်းကိုလည်းကောင်း၊ ချမ်းသာခြင်းကိုလည်းကောင်း ခံစားရ၏။ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသော ထိုပုဂ္ဂိုလ်ကို ‘တရားကို မြင်သူ’ဟု ဆိုအပ်၏။

ထို့ကြောင့် ဤသာသနာတော်၌ (ဒေါသတည်းဟူသော) ငြောင့်တံသင်း ကင်းသော ဝီရိယနှင့် ပြည့်စုံသော စင်ကြယ်သော ပုဂ္ဂိုလ်သည် အပိတ်အပင် ‘နီဝရဏ’တို့ကို ပယ်၍ မာနကိုလည်း အကြွင်းမဲ့ ပယ်ကာ ငြိမ်းပြီးဖြစ်ရကား အသိဉာဏ်မဂ်ဝိဇ္ဇာဖြင့် (ကိလေသာတို့၏) အဆုံးကို ပြု၏”ဟု ရွတ်ဆို၏။