သံယုတ္တနိကာယ်—၈

၄—အာနန္ဒသုတ်

၂၁၂။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် သာဝတ္ထိပြည် အနာထပိဏ်သူဋ္ဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် သာဝတ္ထိပြည်သို့ နောက်လိုက်ရဟန်းဖြစ်သော အသျှင်ဝင်္ဂီသနှင့် အတူ ဆွမ်းခံဝင်၏၊ ထိုအခါ အသျှင်ဝင်္ဂီသအား မမွေ့လျော်ခြင်း ဖြစ်၏၊ တပ်မက်ခြင်း ‘ရာဂ’သည် စိတ်ကို ဖျက်ဆီး၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် အသျှင်အာနန္ဒာကို ဂါထာဖြင့် ရွတ်ဆိုလျှောက်၏—

“ဂေါတမနွယ်ဖြစ်သော အသျှင်အာနန္ဒာ ကာမဂုဏ်၌ တပ်မက်မှု ‘ကာမရာဂ’မီး သည် အကျွန်ုပ်အား လောင်ပါ၏၊ အကျွန်ုပ်၏ စိတ်သည် ထက်ဝန်းကျင်မှ လောင် မြိုက်ခံရပါ၏၊ တောင်းပန်ပါ၏၊ အကျွန်ုပ်အား အစဉ်သနားသဖြင့် ရာဂငြိမ်း ကြောင်း တရားကို ဟောတော်မူပါလော့”ဟု ရွတ်ဆို၏။

“သညာ ဖောက်ပြန်ခြင်းကြောင့် သင်၏ စိတ်သည် ထက်ဝန်းကျင်မှ လောင်မြိုက် ခံနေရ၏၊ ‘တင့်တယ်၏’ ဟူသော ရာဂနှင့် စပ်သော အမှတ်နိမိတ်ကို နှလုံးမသွင်း ရှောင်ကွင်းပါလော့။

(ရုပ်နာမ်ဓမ္မ) သင်္ခါရတရားတို့ကို အနိစ္စအားဖြင့် ရှုလော့၊ ဒုက္ခအားဖြင့် ရှုလော့၊ အတ္တအားဖြင့် မရှုလင့်၊ ပြင်းစွာတပ်မက်မှု ‘ရာဂ’ကို ငြိမ်းစေလော့၊ အဖန်တလဲလဲ မလောင်မြိုက်စေလင့်။

မတင့်မတယ် စက်ဆုပ်ရွံရှာဖွယ် အဖြစ်အားဖြင့် သင်၏ စိတ်ကို ဖြစ်ပွားစေလော့၊ တစ်ခုတည်းသော အာရုံရှိသော တည်ကြည်မှု ‘သမာဓိကို’ ပွားစေလော့၊ ကိုယ်အစု၌ ဖြစ်သော ကာယဂတာသတိကို သင့်သန္တာန်၌ ဖြစ်စေလော့၊ ရာဂ၌ ငြီးငွေ့မှုများသူ ဖြစ်ပါလေလော့။

နိစ္စစသော နိမိတ်ကင်းသည့် ဝိပဿနာကိုလည်း ပွားများလော့၊ ကိန်းအောင်းနေ သော ထောင်လွှားမှု ‘မာန’ကို ပယ်စွန့်လော့။ ထိုထောင်လွှားမှု ‘မာန’ကို ပယ်စွန့်ခြင်းကြောင့် (ရာဂစသည်မှ) ငြိမ်းသည်ဖြစ်၍ လှည့်လည်ရလတ္တံ့”ဟု (မိန့်ဆို၏)။