သံယုတ္တနိကာယ်—၈

၅—သုဘာသိတသုတ်

၂၁၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရား သည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ အင်္ဂါလေးပါးနှင့်ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သော စကား မည်၏၊ မကောင်းသဖြင့် ဆိုအပ်သော စကား မမည်။ အပြစ်လည်း မရှိ၊ ပညာရှိတို့သည် မကဲ့ရဲ့အပ်။ အဘယ် လေးပါးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် —

(၁) ကောင်းစွာ ဆိုအပ်သော စကားကိုသာလျှင် ဆို၏၊ မကောင်းသဖြင့် ဆိုအပ်သော စကားကို မဆို။

(၂) တရားနှင့် ညီသော စကားကိုသာလျှင် ဆို၏၊ တရားနှင့် မညီသော စကားကို မဆို။

(၃) ချစ်ခင်ဖွယ်သော စကားကိုသာလျှင် ဆို၏၊ မချစ်ခင်ဖွယ်သော စကားကို မဆို။

(၄) မှန်သော စကားကိုသာလျှင် ဆို၏၊ မမှန်သော စကားကို မဆို။

ရဟန်းတို့ ဤသို့ အင်္ဂါလေးပါးတို့နှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သော စကား မည်၏၊ မကောင်းသဖြင့် ဆိုအပ်သော စကား မမည်။ အပြစ်လည်း မရှိ၊ ပညာရှိတို့သည် မကဲ့ရဲ့အပ်။ ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီးလျှင် ထို့ပြင် ဤစကားကို မိန့်တော်မူ၏—

“ကောင်းစွာ ဆိုအပ်သော စကားကို မြတ်၏ဟူ၍ သူတော်ကောင်းတို့သည် ဆို ကုန်ပြီ။ တရားနှင့် လျော်သော စကားကိုသာ ဆိုရာ၏၊ တရားနှင့် မလျော်သော စကားကို မဆိုရာ၊ ထိုစကားကို ဒုတိယအမြတ်ဆုံး စကားဟု ဆို၏။ ချစ်ခင်ဖွယ် စကားကိုသာ ဆိုရာ၏၊ ချစ်ခင်ဖွယ် မဟုတ်သော စကားကို မဆိုရာ၊ ထိုစကားကို တတိယအမြတ်ဆုံး စကားဟု ဆို၏။ မှန်သော စကားကိုသာ ဆိုရာ၏၊ မမှန်သော စကားကို မဆိုရာ၊ ထိုစကားကို စတုတ္ထအမြတ်ဆုံး စကားဟု ဆို၏”ဟု မိန့်တော်မူ၏။

ထိုအခါ၌ အသျှင်ဝင်္ဂီသသည် နေရာမှ ထ၍ ပခုံးတစ်ဖက်၌ အပေါ်ရုံကို တင်ကာ မြတ်စွာဘုရား ရှိတော်မူရာသို့ လက်အုပ်ချီလျက် “မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏၊ ကောင်းသော စကား ကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏”ဟု လျှောက်၏၊ “ဝင်္ဂီသ သင်၏ ဉာဏ်၌ ရှေးရှုထင်စေလော့”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ထိုအခါ အသျှင်ဝင်္ဂီသ သည် မြတ်စွာဘုရားကို မျက်မှောက်တော်၌ သင့်လျော်ကုန်သော ဂါထာတို့ဖြင့် ချီးကျူး၏—

အကြင် စကားဖြင့် မိမိကိုယ်ကို မပူပန်စေရာ၊ သူတစ်ပါးတို့ကိုလည်း မညှဉ်းဆဲ ရာ၊ စင်စစ် ထိုစကားကိုသာ ဆိုရာ၏၊ ထိုစကားသည်သာ ကောင်းစွာ ဆိုအပ်သော စကား မည်၏။

ချစ်ဖွယ်သော စကားကိုသာလျှင် ဆိုရာ၏၊ အကြင်စကားသည် နှစ်လိုဖွယ် ဖြစ်၏၊ ထိုစကားကိုသာ ဆိုရာ၏၊ သူတစ်ပါးတို့အား ဆိုသည်ရှိသော် မနှစ်မြို့ဖွယ် ယုတ်မာ သော စကားတို့ကို မယူမူ၍ ချစ်ဖွယ်သော စကားကိုသာ ဆိုရာ၏၊

မှန်သော စကားတို့သည် စင်စစ် အမြိုက်သုဓာဘုတ်နှင့် တူကုန်၏၊ ဤမှန်သော စကားကို ပြောခြင်းသဘောသည် ရှေးရိုးစဉ်လာ ဖြစ်၏၊ သူတော်ကောင်းတို့သည် မှန်သော စကား၌လည်းကောင်း၊ အကျိုး၌လည်းကောင်း၊ အကြောင်း၌လည်းကောင်း တည်ကုန်၏ဟု ဆိုကုန်ပြီ။

မြတ်စွာဘုရားသည် နိဗ္ဗာန်သို့ ရောက်ခြင်းငှါ ဆင်းရဲ၏အဆုံးကို ပြုခြင်းငှါ ဘေး မရှိသော အကြင်စကားကို ဆိုတော်မူ၏၊ ထိုစကားသည် စင်စစ် စကားတကာတို့ ထက် မြတ်၏”ဟု (ရွတ်ဆို ချီးကျူး၏)။