သံယုတ္တနိကာယ်—၉

၁—ဝိဝေကသုတ်

၂၂၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလ တိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ ထိုရဟန်းသည် နေ့သန့်စင်ရာသို့ ကပ်သည်ရှိသော် တဏှာအိမ်ကို မှီ၍့ဖြစ်သော ယုတ်ညံ့သော အကုသိုလ်အကြံအစည်တို့ကို ကြံ၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေ သော နတ်သည် ထိုရဟန်းအား အစဉ်သနားသည် ဖြစ်၍ အကျိုးစီးပွားကို လိုသောကြောင့် ထိုရဟန်းကို ထိတ်လန့်စေလိုရကား ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ဂါထာတို့ဖြင့် ရွတ်ဆို လျှောက်ထား၏—

“(ရဟန်း) သင်သည် ဆိတ်ငြိမ်မှု ‘ဝိဝေက’ကို တောင့်တသည် ဖြစ်၍ တောသို့ ဝင်၏၊ သို့ဖြစ်လျက် သင်၏ စိတ်သည် အပဖြစ်သော အာရုံတို့၌ ကျက်စားဘိ၏၊ လူသားဖြစ်သော သင်သည် (အခြား) လူသားဖြစ်သော သူ၌ အလို ‘ဆန္ဒ’ ကို ပယ် ဖျောက်လော့၊ ယင်းသို့ ပယ်ဖျောက်ခြင်းကြောင့် ရာဂကင်းသည်ဖြစ်၍ ချမ်းသာခြင်း ရှိသူ ဖြစ်ရလတ္တံ့။

သင်သည် မမွေ့လျော်မှုကို စွန့်ပါလော့၊ သတိရှိသူ ဖြစ်ပါလော့၊ သတိနှင့် ပြည့်စုံသော သင့်ကို ငါတို့ အောက်မေ့လိုပါကုန်၏။ ထိုစကား မှန်၏၊ တည်ရာ မရှိသော ဗလဝါမုခဝဲတည်းဟူသော ကိလေသာမြူကို လွန်နိုင်ခဲ၏၊ သင့်ကို ကာမမြူ သည် အပါယ်သို့ မဆောင်ပါစေလင့်။

မြေမှုန့်ကပ်သော ငှက်သည် ကပ်သောမြူကို ခါတွက်၍ ကျစေသကဲ့သို့ ထို့အတူ ရဟန်းသည် လုံလနှင့် ပြည့်စုံသည် သတိနှင့် ပြည့်စုံသည် ဖြစ်၍ ကပ်သော ကိလေသာမြူကို ခါတွက်လျက် ကျစေပါလော့”ဟု (ရွတ်ဆို လျှောက်ထား၏)။

ထိုနတ် ထိတ်လန့်စေအပ်သော ထိုရဟန်းသည် ထိတ်လန့်ခြင်းသို့ ရောက်၏။