သံယုတ္တနိကာယ်—၉

၁၁—အကုသလဝိတက္ကသုတ်

၂၃၁။ အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ ထို ရဟန်းသည် နေ့သန့်စင်ရာသို့ ကပ်သည်ရှိသော် ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသာဝိတက်ဟူသော ယုတ်ညံ့သော အကုသိုလ်ဝိတက်တို့ကို ကြံစည်၏။ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်းအား အစဉ်သနားခြင်းရှိသည် ဖြစ်၍ အကျိုးစီးပွားကို အလိုရှိသောကြောင့် ထိုရဟန်းကို ထိတ် လန့်စေလိုရကား ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏။

“မသင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ထိုသင့်ကို ဝိတက်တို့ ကိုက်ခဲ အပ်၏၊ မသင့်လျော်သော နှလုံးသွင်းခြင်းကို စွန့်လော့၊ သင့်လျော်သောအားဖြင့် အဖန်တလဲလဲ ကြံစည်လော့။

မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း၊ မိမိ၏ သီလတို့ကိုလည်းကောင်း အာရုံပြု၍ ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ နှစ်သိမ့်ခြင်း ‘ပီတိ’၊ ချမ်းသာခြင်း ‘သုခ’ကိုလည်းကောင်း ယုံမှား မရှိ မူ၍ ရလတ္တံ့။ ထို့နောက် များစွာ ဝမ်းမြောက်ခြင်းရှိသည် ဖြစ်၍ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုရလတ္တံ့”ဟု လျှောက်၏။

ထိုအခါ ထိုရဟန်းသည် ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်၏။