သံယုတ္တနိကာယ်—၉

၁၂—မဇ္ဈနှိကသုတ်

၂၃၂။ အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ ထို တောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ထိုရဟန်း၏ အထံ၌ ဤ ဂါထာကို ရွတ်ဆို လျှောက်ထား၏—

“မွန်းတည့်ချိန်အခါ၌ ငှက်အပေါင်းတို့သည် အပန်းဖြေ နားနေကုန်သည်ရှိသော် တောအုပ်ကြီးသည် ပြင်းထန်သော အသံကို ပြုသကဲ့သို့ ဖြစ်၏၊ ထို (အသံ) သည် ကြောက်မက်ဖွယ်ဟု အကျွန်ုပ်အား ရှေးရှုထင်လာ၏”ဟု (ရွတ်ဆို၏)။

“မွန်းတည့်ချိန်အခါ၌ ငှက်အပေါင်းတို့သည် အပန်းဖြေ နားနေကုန်သည် ရှိသော် တောအုပ်ကြီးသည် ပြင်းထန်သော အသံကို ပြုသကဲ့သို့ ဖြစ်၏၊ ထို (အသံ) သည် မွေ့လျော်ဖွယ်ဟု ငါ့အား ရှေးရှုထင်လာ၏”ဟု (မိန့်ဆို၏)။