သံယုတ္တနိကာယ်—၉

၁၃—ပါကတိန္ဒြိယသုတ်

၂၃၃။ အခါတစ်ပါး၌ များစွာကုန်သော ရဟန်းတို့သည် ကောသလတိုင်း တောအုပ်တစ်ခု၌ ပျံ့လွင့် သော စိတ်ရှိကုန်သည် တက်ကြွထောင်လွှားကုန်သည် လျှပ်ပေါ်ကုန်သည် နှုတ်ကြမ်းကုန်သည် ဖရိုဖရဲကြဲ့သော စကားရှိကုန်သည် သတိလွတ်ကုန်သည် အဆင်အခြင် မရှိကုန်သည် မတည်ကြည်ကုန်သည် တုန်လှုပ် သော စိတ်ရှိကုန်သည် ပေါ်လွင်သော ဣန္ဒြေရှိကုန်သည်ဖြစ်၍ နေကုန်၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်းတို့အား အစဉ်သနားခြင်းရှိသည် ဖြစ်၍ အကျိုးစီးပွားကို လိုသောကြောင့် ထိုရဟန်းတို့ကို ထိတ်လန့်စေလိုရကား ထိုရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် ရဟန်းတို့ကို ဂါထာတို့ဖြင့် ရွတ်ဆို လျှောက်ထား၏—

“ရှေးအခါက ဂေါတမမြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော ရဟန်းတို့သည် ချမ်းသာစွာ အသက်မွေးလေ့ရှိကုန်၏၊ တပ်မက်ခြင်း မရှိကုန်သည် ဖြစ်၍ ဆွမ်းကို ရှာမှီးကုန်၏၊ တပ်မက်ခြင်း မရှိကုန်သည် ဖြစ်၍ အိပ်ရာနေရာကို ရှာမှီးကုန်၏၊ ထို ရဟန်းတို့သည် လောက၌ မမြဲခြင်းကို သိကုန်၍ ဆင်းရဲ၏ အဆုံးကို ပြုကုန်၏။

ဤသာသနာတော်၌ အချို့သော ရဟန်းတို့သည် ‘ရွာ၌ ရွာသူကြီးတို့ကဲ့သို့’ မိမိ ကိုယ်ကို မကောင်းသဖြင့် အသက်မွေးမြူ၍ လွန်စွာ စားကုန်၍ သူတစ်ပါးအိမ်ရာတို့၌ မိန်းမောကုန်သည် ဖြစ်၍ အိပ်ကုန်၏။

သံဃာတော်အား လက်အုပ်ချီ၍ အကျွန်ုပ် လျှောက်ထားလိုပါ၏၊ သူသေကောင်တို့ကို စွန့်အပ်ကုန်သကဲ့သို့ ထို့အတူ ထောက်တည်ရာ မရှိသော ထိုရဟန်းတို့ကို စွန့်အပ်ကုန်၏။

အကြင်ရဟန်းတို့သည် မေ့လျော့ကုန်သည် ဖြစ်၍ နေကုန်၏၊ ထိုရဟန်းတို့ကို ရည်ညွှန်း၍ အကျွန်ုပ် ဆိုပါ၏၊ အကြင်ရဟန်းတို့သည် မမေ့မလျော့ကုန်သည်ဖြစ်၍ နေကုန်၏၊ ထိုရဟန်းတို့အား အကျွန်ုပ်သည် ရှိခိုးပါ၏”ဟု (လျှောက်၏)။

ထိုအခါ ထိုရဟန်းတို့သည် ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်ကုန်၏။