သံယုတ္တနိကာယ်—၉

၅—အာနန္ဒသုတ်

၂၂၅။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် လူတို့ကို သိစေခြင်းများသည် ဖြစ်၍ အချိန်လွန်စွာ နေ၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် အသျှင်အာနန္ဒာအား အစဉ်သနားသည် ဖြစ်၍ အကျိုးစီးပွားကို လိုသော ကြောင့် အသျှင်အာနန္ဒာကို ထိတ်လန့်စေလိုရကား အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်လျက် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏—

“ဂေါတမအနွယ်ဖြစ်သော အသျှင်အာနန္ဒာ သစ်ပင်ရင်း တောချုံသို့ သက်ဝင်ကာ နိဗ္ဗာန်ကို စိတ်နှလုံး၌ ထည့်သွင်းထား၍ ဈာန်ဝင်စားပါလော့၊ မေ့လျော့ခြင်း မဖြစ် ပါစေလင့်၊ အသျှင်ဘုရားအား ဗလစ်ဗလစ်ပြောဆိုခြင်းသည် အဘယ်ပြုလတ္တံ့နည်း”ဟု လျှောက်၏။

ထိုအခါ အသျှင်အာနန္ဒာသည် ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်၏။