သုတ္တနိပါတ်ပါဠိတော်

၄-ကသိဘာရဒွါဇသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်းဒက္ခိဏာဂိရိဇနပုဒ် ဧကနာဠမည်သော ပုဏ္ဏားရွာ၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ကသိဘာရဒွါဇမည်သော ပုဏ္ဏားသည် စိုက်ပျိုးချိန် အခါ ဝယ် ငါးရာမျှသော ထွန်တုံးတို့ကို (နွားတို့၌) တပ်ထားအပ်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ကသိဘာရဒွါဇပုဏ္ဏား၏ အမှုလုပ်ရာ အရပ်သို့ ချဉ်းကပ်တော်မူ၏။ ထိုအခါ ကသိဘာရဒွါဇပုဏ္ဏား၏ ထမင်းကျွေးမွေးနေသောအခါ ဖြစ်၏။ ထို့နောက် မြတ်စွာဘုရားသည် ထမင်းကျွေးမွေးရာ အရပ်သို့ ချဉ်းကပ်တော်မူ၍ တစ်ခုသောအရပ်၌ ရပ်တော်မူ၏။

ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား ဆွမ်းအလို့ငှါ ရပ်သည်ကို မြင်၍ မြတ်စွာဘုရားအား ''ရဟန်းငါသည် ထွန်လည်း ထွန်၏။ စိုက်ပျိုးလည်း စိုက်ပျိုး၏။ ထွန်ပြီး၍လည်းကောင်း၊ စိုက်ပျိုးပြီး၍လည်းကောင်း စား၏။ ရဟန်း သင်သည်လည်း ထွန်လည်း ထွန်လော့၊ စိုက်ပျိုးလည်း စိုက်ပျိုးလော့၊ ထွန်ပြီး၍လည်းကောင်း၊ စိုက်ပျိုးပြီး၍လည်းကောင်း စားပါလော့''ဟု လျှောက်၏။

ပုဏ္ဏား ငါဘုရားသည် လည်း ထွန်လည်း ထွန်၏။ စိုက်ပျိုးလည်း စိုက်ပျိုး၏။ ထွန်ပြီး၍လည်းကောင်း၊ စိုက်ပျိုးပြီး၍လည်းကောင်း စား၏ဟု (မိန့်တော်မူ၏)၊ ''ငါတို့သည် အသျှင်ဂေါတမ၏ ထမ်းပိုးကိုလည်းကောင်း၊ ထွန်တုံးကိုလည်းကောင်း၊ ထွန်သွားကိုလည်းကောင်း၊ နှင်တံကိုလည်းကောင်း၊ ခိုင်းနွားတို့ကိုလည်းကောင်း မမြင်ကြ ရပါကုန်၊ ထိုသို့ မမြင်ပါဘဲလျက် အသျှင်ဂေါတမသည် 'ပုဏ္ဏား ငါသည်လည်း ထွန်လည်း ထွန်၏။ စိုက်ပျိုးလည်း စိုက်ပျိုး၏။ ထွန်ပြီး၍လည်းကောင်း၊ စိုက်ပျိုးပြီး၍လည်းကောင်း စား၏'ဟု ဆိုဘိ၏''ဟု ဆိုပြီးနောက် ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားကို ဂါထာဖြင့်လျှောက်၏-

၇၆။ သင်သည် လယ်ထွန်ယောကျာ်း (လယ်သမား)ဟူ၍ ဝန်ခံဘိ၏။ သင်၏ လယ်ထွန်မှုကို ငါတို့မမြင်ရ၊ သင်၏ လယ်ထွန်မှုကို ငါတို့ သိနိုင်လောက်သော နည်းဖြင့် သင်ဖြေဆိုပါလော့ (ဟု မေးလျှောက်၏)။ (၁)

၇၇။ ငါ၏ သဒ္ဓါတရားသည် မျိုးစေ့မည်၏။ ငါ၏ ဣန္ဒြေကို စောင့်စည်းမှုသည် မိုးရွာခြင်း မည်၏။ ငါ၏ ပညာသည် ထမ်းပိုးနှင့်ထွန်တုံး မည်၏။ ငါ၏ (မကောင်းမှုမှ) ရှက်ကြောက်မှုသည် ထွန်သန်မည်၏။ (ငါ၏) စိတ်သည် ကြိုးလွန်း မည်၏။ ငါ၏ အောက်မေ့မှု 'သတိ'သည် ထွန်သွားနှင့် နှင်တံမည်၏။ (၂)

၇၈။ သင်သည် လယ်ကို စောင့်ရှောက်သကဲ့သို့ ငါသည်လည်းကိုယ်ကို စောင့် ရှောက်၏။ နှုတ်ကို ့စောင့်ရှောက်၏။ အာဟာရ၌ အသက်မွေးမှု စင်ကြယ်စေရန် စောင့်ရှောက်၏။ ဝမ်း၌ အတိုင်းအရှည်ကို သိရန် စောင့်ရှောက်၏။မှန်သော စကားဖြင့် (ချွတ်ယွင်းသော စကားတို့ဟူသော ပေါင်းမြက်ကို) ဖြတ်တောက်ပယ်နုတ်၏။ နိဗ္ဗာန်၌ မွေ့လျော်မှုဟူသော ငါ၏ အရဟတ္တဖိုလ်သည် ပြုလုပ်ဖွယ်အားလုံးမှလွတ် မြောက်တော့၏။ (၃)

၇၉။ ငါ၏ ဝီရိယသည် ဝန်ကို ဆောင်သော နွားမည်၏။ အကြင်နိဗ္ဗာန်သို့ ရောက်သည်ရှိသော်မစိုးရိမ်ရ၊ ယောဂလေးပါးကုန်ရာဖြစ်သော ထိုနိဗ္ဗာန်သို့ ရှေးရှု ဆောင်လျက် မဆုတ်မနစ် သွား၏။ (၄)

၈ဝ။ (ပုဏ္ဏား) ဤသို့ သော အခြင်းအရာအားဖြင့် ဤလယ်ထွန်ခြင်းကို (ငါသည်) ထွန်အပ်ပြီ၊ (ငါ၏) ထိုလယ်ထွန်ခြင်းသည် နိဗ္ဗာန်ဟူသော အသီးအနှံရှိ၏။ ထိုလယ် ထွန်ခြင်းကို ထွန်ပြီးသောကြောင့် ဆင်းရဲအားလုံးမှ လွတ်၏ဟု (မိန့်တော်မူ၏)။ (၅)

ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် အဖိုးများစွာ ထိုက်သော ရွှေခွက်၌ နို့ဃနာကို ခူးထည့်စေ၍မြတ်စွာဘုရားအား ''အသျှင်ဂေါတမသည် နို့ဃနာကို စားတော်မူပါလော့၊ အသျှင်သည် လယ်ထွန်ယောကျာ်းပါတည်း။မှန်၏-အသျှင်ဂေါတမသည် နိဗ္ဗာန်တည်းဟူသော အသီးအနှံအကျိုးရှိသော လယ်ထွန်ခြင်းကို ထွန်တော်မူ၏''ဟု ဆို၍ ဆက်ကပ်၏။

၈၁။ ပုဏ္ဏား ငါ့အား ဂါထာတို့ကို သီဆို၍ ရအပ်သော ဘောဇဉ်တို့ကို စားခြင်းငှါ မထိုက်၊ ဤဘောဇဉ်ကို စားခြင်းသဘောသည် စင်ကြယ်ခြင်းကို ရှုမြင်ကုန်သော ဘုရားရှင်တို့၏ သဘောမဟုတ်၊ မြတ်စွာဘုရားတို့သည် ဂါထာသီဆို၍ ရအပ်သော ဘောဇဉ်ကို ပယ်တော်မူကုန်၏။ ပုဏ္ဏားအသက်မွေးခြင်း စင်ကြယ်မှုသဘောရှိလတ်သော် ဤတရားသဖြင့် ရှာမှီးခြင်းသည် ဘုရားရှင်တို့၏အသက်မွေးခြင်းတည်း။ (၆)

၈၂။ ပုဏ္ဏား နို့ဃနာမှတစ်ပါးသော ဆွမ်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်း အလုံးစုံသော ဂုဏ်နှင့် ပြည့်စုံ၍ မြတ်သော သီလစသော ကျေးဇူး အပေါင်းကို ရှာလေ့ရှိသော ကုက္ကုစ္စငြိမ်းအေးပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်ကို လုပ် ကျွေးလော့၊ ထိုကောင်းမှုသည် ကောင်းမှုကို အလိုရှိသောသူ၏ လယ်ယာဖြစ်၏ဟု (ဟောတော်မူ၏)။ (၇)

အသျှင်ဂေါတမသို့ ဖြစ်လျှင် တပည့်တော်သည် ဤနို့ဃနာကို အဘယ်သူအား လှူရအံ့နည်းဟု (လျှောက်၏)။ ပုဏ္ဏား နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများလူများနှင့်တကွသော လူ့လောက၌ မြတ်စွာဘုရားကိုလည်းကောင်း၊ မြတ်စွာဘုရားတပည့်သားကိုလည်းကောင်း ထား၍ စားအပ်ပြီးသော ထိုနို့ဃနာကို ကောင်းစွာ ကြေကျက်ခြင်းသို့ ရောက်စေနိုင်မည့်သူကို ငါဘုရား မြင်တော်မမူ၊ ပုဏ္ဏား ထို့ကြောင့် သင်သည် ထိုနို့ဃနာကို စိမ်းသော မြက်မရှိရာ၌သော်လည်းစွန့်လော့၊ ပိုးမရှိသော ရေ၌သော်လည်း မျှောလော့ဟု (မိန့်တော်မူ၏)။

ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် ထိုနို့ဃနာကို ပိုးမရှိသော ရေ၌ မျှော၏။ ထိုအခါ ရေ၌ ပစ်ချအပ်သော နို့ဃနာသည် တရှဲရှဲမည်၏။ တရှဲရှဲအသံပြု၏။ ထက်ဝန်းကျင်မှ အခိုးထွက်၏။ ထက်ဝန်းကျင်မှများစွာ အခိုး ထွက်၏။ တစ်နေ့ပတ်လုံး မီးဖုတ်အပ်သော ထယ်သွားကို ရေ၌ ပစ်ချအပ်သည်ရှိသော်တရှဲရှဲမည်သကဲ့သို့ တရှဲရှဲအသံကို ပြုသကဲ့သို့ ထက်ဝန်းကျင်မှ အခိုးထွက်သကဲ့သို့ ထက်ဝန်းကျင်မှများစွာ အခိုးထွက်သကဲ့သို့ ဤအတူပင် ရေ၌ ထည့်အပ်သော ထိုနို့ဃနာသည် တရှဲရှဲမည်၏။ တရှဲရှဲမည်သော အသံကို ပြု၏။ ထက်ဝန်းကျင်မှ အခိုး ထွက်၏။ ထက်ဝန်းကျင်မှ များစွာ အခိုးထွက်၏။

ထို့နောက် ကသိဘာရဒွါဇပုဏ္ဏားသည် ထိတ်လန့်သည် ကြက်သီးမွေးညင်းထသည်ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်၍ မြတ်စွာဘုရားအား ''အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထား့သည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း ''မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်''ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည်များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏။ အသျှင်ဂေါတမ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သံဃာတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ဂေါတမ အကျွန်ုပ်သည် အသျှင်ဂေါတမအထံ၌ ရှင်အဖြစ်ကို ရလိုပါ၏။ ရဟန်းအဖြစ်ကို ရလိုပါ၏''ဟု (လျှောက်၏)။

ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား၏အထံ၌ ရှင်အဖြစ်ကိုရ၏။ ရဟန်းအဖြစ်ကိုရ၏။ ရဟန်းဖြစ်၍ မကြာမီ အသျှင်ဘာရဒွါဇသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ပြင်း စွာအားထုတ်ကာ နိဗ္ဗာန်သို့ စိတ်ကို စေလွှတ်လျက် နေသည်ရှိသော် လူ့ဘောင်မှရဟန်းဘောင်သို့ ကောင်းစွာဝင်သော အမျိုးသားတို့ လိုလားအပ်သောအကျင့်မြတ်၏ အဆုံးဖြစ်သော အတုမရှိ မြတ်သော အရဟတ္တဖိုလ်ကို မကြာမီ ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့်ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ''ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိတော့ပြီ''ဟု သိ၏။ အသျှင်ဘာရဒွါဇသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေသတည်း။

လေးခုမြောက် ကသိဘာရဒွါဇသုတ် ပြီး၏။