သုတ္တနိပါတ်ပါဠိတော်

၅-စုန္ဒသုတ်

၈၃။ (ရွှေပန်းထိမ်သည်သား စုန္ဒသည် ဤသို့ လျှောက်၏) -

အသျှင်ဘုရား ပြန့်ပြောသော ပညာရှိသောတရား၏ အရှင်ဖြစ်တော်မူသောတဏှာကင်းတော်မူသော အခြေနှစ်ချောင်းရှိပုဂ္ဂိုလ်တို့ထက် မြတ်သော ပုဂ္ဂိုလ်ဖြစ် တော်မူသော ဆုံးမတတ်သူတို့တွင်မြတ်တော်မူသော သစ္စာလေးပါးကို သိတော်မူသော မြတ်စွာဘုရားကို အကျွန်ုပ် မေးလျှောက်လိုပါ၏-လောက၌ ရဟန်းတို့သည် (အမျိုးအစားအားဖြင့်) အဘယ်မျှ ရှိပါကုန်သနည်း၊ တောင်းပန်ပါ၏။ ထိုအကြောင်းကို အသျှင်ဘုရားဟောတော်မူပါ။ (၁)

၈၄။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

စုန္ဒ (လောက၌) ရဟန်းတို့သည် အမျိုးအစားအားဖြင့် လေးမျိုးရှိကုန်၏။ ငါး ယောက်မြောက်အမျိုးအစား မရှိ၊ မျက်မှောက်မေးအပ်သည်ဖြစ်၍ ထိုရဟန်း လေးမျိုးတို့ကို သင့်အား ထင်ရှားပြုအံ့၊ မဂ်ခရီးဖြင့် အောင်ပြီးသော ရဟန်းလည်းကောင်း မဂ်ခရီးကို ညွှန်ပြတတ်သော ရဟန်းလည်းကောင်း၊ မဂ်ခရီး၌ အသက်ရှင် နေသော ရဟန်းလည်းကောင်း၊ မဂ်ခရီးကို ဖျက်ဆီးတတ်သော ရဟန်းလည်းကောင်း (ဤလေးမျိုးတို့တည်း)။ (၂)

၈၅။ (ရွှေပန်းထိမ်သည်သား စုန္ဒသည် ဤသို့ လျှောက်ထားပြန်၏) -

အဘယ်သူကို မဂ်ခရီးဖြင့် အောင်ပြီးသော ရဟန်းဟူ၍ ဘုရားရှင်တို့ ဆိုပါကုန် သနည်း၊ အတုမရှိသော ရဟန်းသည် အဘယ်သို့ သော အပြားအားဖြင့် မဂ်ခရီးကို ညွှန်ပြတတ်သူ ဖြစ်ပါသနည်း၊ အကျွန်ုပ်မေးအပ်သော အသျှင်ဘုရားသည် မဂ်ခရီး၌ အသက်ရှင်နေသော ရဟန်းကို ဟောတော်မူပါ၊ ထို့ပြင် မဂ်ခရီးကို ဖျက်ဆီး တတ်သော ရဟန်းကို အကျွန်ုပ်အား ထင်ရှားပြတော်မူပါ။ (၃)

၈၆။ အကြင်သူသည်သို့လောသို့လော တွေးတောယုံမှားခြင်းကို ကူးမြောက်ပြီး ဖြစ်၏။ ရာဂစသော ငြောင့်တံသင်းမှ ကင်းပြီးသူ ဖြစ်၏။ နိဗ္ဗာန်၌ အလွန်မွေ့လျော်၏။ တစ်စုံတစ်ခုကိုမျှ တဏှာအားဖြင့်မမက်မော၊ နတ်နှင့်တကွသော လောကကို ဆောင်တတ်၏။ ထိုသို့ သော ရဟန်းကို မဂ်ခရီးဖြင့့်အောင်ပြီးသော ရဟန်းဟူ၍ ဘုရားရှင်တို့ ဆိုကုန်၏။ (၄)

၈၇။ ဤသာသနာတော်၌ အကြင်သူသည် နိဗ္ဗာန်ကို မြတ်၏ဟု ပစ္စဝေက္ခဏာ ဉာဏ်ဖြင့် သိပြီး၍မိမိသိပြီးသော နိဗ္ဗာန်တရားကို သူတစ်ပါးတို့အား ဟောကြား တတ်၏။ ဝေဖန်တတ်၏။ ယုံမှားခြင်းကို ဖြတ်တတ်သောတဏှာကင်းသော ထို ရဟန်းကို ရဟန်းတို့တွင် မဂ်ခရီးကို ညွှန်ပြတတ်သော ဒုတိယအမျိုးအစား ရဟန်းဟူ၍ ဆိုကုန်၏။ (၅)

၈၈။ အကြင်သူသည် သီလစောင့်စည်းမှုဖြင့် ကောင်းစွာ စောင့်စည်းလျက် သတိ ရှိကာ အပြစ်မရှိသော ဗောဓိပက္ခိယတရားစုတို့ကို ဘာဝနာသေဝနအားဖြင့်မှီဝဲသည်ဖြစ်၍ နိဗ္ဗာန်တရား၏အကြောင်းကောင်းစွာ ဟောထားသော မဂ်ခရီး၌ အသက်ရှင်နေ၏။ ထိုသူကို ရဟန်းတို့တွင် မဂ်ခရီး၌ အသက်ရှင်နေသောတတိယ အမျိုးအစား ရဟန်းဟူ၍ ဆိုကုန်၏။ (၆)

၈၉။ အကြင်သူသည် ကောင်းသောအကျင့်ရှိသူတို့၏ အဝတ်ကို ဝတ်၍ (ရဟန်းတို့၏ အတွင်းသို့) ဝင်၏။ ဒါယကာတို့၏ ကြည်ညိုမှုကို ဖျက်ဆီးတတ်၏။ ကိုယ် နှုတ် နှလုံး ကြမ်းတမ်း၏။ လှည့်ပတ်တတ်၏။ ကိုယ် နှုတ် နှလုံးကို မစောင့် စည်း၊ ဖွဲအဖျင်းနှင့် တူ၏။ ရဟန်းအတုအယောင်အသွင်အပြင်ဖြင့် လှည့်လည် သွားလာ၏။ ထိုသူကို မဂ်ခရီးကို ဖျက်ဆီးတတ်သော ရဟန်းဟူ၍သိအပ်၏။ (၇)

၉ဝ။ အိမ်ရာထောင်သူ လူပုဂ္ဂိုလ်ဖြစ်၍ အကြားအမြင်ရှိသော ပညာရှိသော အကြင်အရိယာတပည့်သည်ဤရဟန်းလေးမျိုးတို့ကိုလည်း ထိုးထွင်း၍ သိ၏။ ရဟန်းအားလုံးတို့သည် ထိုသို့ (ပါပရဟန်းနှင့်) တူသော သဘော မရှိကုန်၊ ဤသို့ သိရ၍ ထိုပညာရှိ၏ ယုံကြည်မှု 'သဒ္ဓါ'သည် ဤမကောင်းသူကို မြင်သောကြောင့် မယုတ်လျော့ပေ၊မှန်၏။ အကြားအမြင်ရှိသော အရိယာသာဝကသည် မဂ်ခရီးကို မဖျက်ဆီးသောတစ်မျိုးတစ်စားသော ရဟန်းကို မဂ်ခရီးကို ဖျက်ဆီးသောတစ်မျိုးတစ်စားသော ရဟန်းနှင့် တူသည်ကို အဘယ့်ကြောင့် ပြုရာအံ့နည်း၊ စင်ကြယ်သော ရဟန်းကို မစင်ကြယ်သော ရဟန်းနှင့် တူသည်ကို အဘယ့်ကြောင့် ပြုရာအံ့နည်းဟု (မိန့်တော်မူ၏)။ (၈)

ငါးခုမြောက် စုန္ဒသုတ် ပြီး၏။