သုတ္တနိပါတ်ပါဠိတော်

၆-ပရာဘဝသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံ လွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်လိုဖွယ်ကောင်းသော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို ရှိခိုးကာ တစ်ခုသောနေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဤဂါထာဖြင့်လျှောက်၏-

၉၁။ ''အသျှင်ဂေါတမ ပျက်စီးဆုတ်ယုတ်နေသော ယောကျာ်းအကြောင်းကို အကျွန်ုပ်တို့မေးလျှောက်ပါကုန်၏။ အသျှင်ဘုရားကို မေးလျှောက်ရန် လာကြပါကုန်၏။ ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၁)

၉၂။ ကြီးပွါးသူကိုလည်း သိရန် လွယ်ကူလှပေ၏။ ပျက်စီးဆုတ်ယုတ်သူကိုလည်း သိရန်လွယ်ကူလှပေ၏။ တရားကို လိုလားတောင့်တသူသည် ကြီးပွါးရ၏။ တရားကို မလိုလား မတောင့်တမုန်းထားသူသည် ပျက်စီးရ၏။ (၂)

၉၃။ ထိုအကြောင်းသည် ပဌမ ဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏။ မြတ်စွာဘုရား ဒုတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကို ့ဟောတော်မူပါ၊ ဒုတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၃)

၉၄။ ထိုသူသည် သူတော်မဟုတ် သူယုတ်မာတို့ကို ချစ်ခင်မြတ်နိုး၏။ သူတော် ကောင်းတို့ကို ချစ်ခင်မြတ်နိုးမှု မပြု၊ သူယုတ်မာတို့၏ တရားကို နှစ်သက်မြတ်နိုး၏။ ထိုသုံးမျိုးသည်ပျက်စီးဆုတ်ယုတ်ကြောင်းပေတည်း။ (၄)

၉၅။ ထိုအကြောင်းသည် ဒုတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏။ မြတ်စွာဘုရား တတိယ ဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ တတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၅)

၉၆။ အကြင်သူသည် အိပ်စက်ငိုက်မျဉ်းလေ့ရှိ၏။ အပေါင်းအဖော်၌ မွေ့လျော် လေ့ စကားပြောမှု၌ မွေ့လျော်လေ့ရှိ၏။ နိုးကြားထကြွမှုမရှိ ပျင်းရိ၏။ လျင်စွာ အမျက်ထွက်လေ့ရှိ၏။ ထိုသူ၏ထိုအကြောင်းငါးမျိုးသည် ပျက်စီးဆုတ်ယုတ် ကြောင်းပေတည်း။ (၆)

၉၇။ ထိုအကြောင်းသည် တတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏။ မြတ်စွာဘုရား စတုတ္ထဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ စတုတ္ထဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၇)

၉၈။ အကြင်သူသည် အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း ကျွေးမွေးပြုစုနိုင်စွမ်းသူ ဖြစ်ပါလျက် မကျွေးမွေး မပြုစုပေ၊ ထိုသူ၏ မကျွေးမွေးမပြုစုခြင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၈)

၉၉။ ထိုအကြောင်းသည် စတုတ္ထဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏။ မြတ်စွာဘုရား ပဉ္စမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ ပဉ္စမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၉)

၁ဝဝ။ အကြင်သူသည် ဗြာဟ္မဏကိုလည်းကောင်း၊ သမဏကိုလည်းကောင်း၊ ထိုမှတစ်ပါးသော ဖုန်းတောင်းယာစကာကိုလည်းကောင်း ပစ္စည်းလေးပါးဖြင့် ဖိတ် ကြားပြီးဖြစ်လျက် မုသားပြောဆိုခြင်းဖြင့်လှည့်ပတ်၏။ ထိုသူ၏ ထိုလှည့်ပတ်ခြင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၁ဝ)

၁ဝ၁။ ထိုအကြောင်းသည် ပဉ္စမ ဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏။ မြတ်စွာဘုရား ဆဋ္ဌ ဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ ဆဋ္ဌဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၁၁)

၁ဝ၂။ အကြင်သူသည် များသော စည်းစိမ်ရှိသူ အသပြာရှိသူ စားဖွယ်နှင့် ပြည့်စုံသူ ဖြစ်ပါလျက်ကောင်းမြတ်သော ဘောဇဉ်တို့ကို တစ်ယောက်တည်း စားသုံး၏။ ထိုသူ၏ ထိုစားသုံးခြင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၁၂)

၁ဝ၃။ ထိုအကြောင်းသည် ဆဋ္ဌ ဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏။ မြတ်စွာဘုရား သတ္တမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ သတ္တမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၁၃)

၁ဝ၄။ အကြင်သူသည် အမျိုး 'ဇာတိ' မာန် ခက်ထန်၏။ ဥစ္စာ 'ဓန' မာန်ခက် ထန်၏။ အနွယ် 'ဂေါတ္တ' မာန်ခက်ထန်၏။ မိမိဆွေမျိုးကိုလည်း မထီမဲ့မြင် ပြု၏။ ထိုသူ၏ထိုအကြောင်းလေးမျိုးသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၁၄)

၁ဝ၅။ ထိုအကြောင်းသည် သတ္တမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏။ မြတ်စွာဘုရား အဋ္ဌမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ အဋ္ဌမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၁၅)

၁ဝ၆။ အကြင်သူသည် မိန်းမကြူး သေသောက်ကြူး လောင်းကစားကြူးသည်ဖြစ်၍ ရတိုင်း့ရတိုင်းသော ဥစ္စာကို ဖျက်ဆီး၏။ ထိုသူ၏ ထိုအကြောင်းသုံးမျိုးသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၁၆)

၁ဝ၇။ ထိုအကြောင်းသည် အဋ္ဌမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏။ မြတ်စွာဘုရား နဝမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ နဝမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၁၇)

၁ဝ၈။ အကြင်သူသည် မိမိမယားဖြင့် မရောင့်ရဲဘဲ ပြည့်တန်ဆာမတို့၌ ပြစ်မှား၏။ သူတစ်ပါးမယားတို့၌ ပြစ်မှား၏။ ထိုသူ၏ ထိုအကြောင်းနှစ်မျိုးသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၁၈)

၁ဝ၉။ ထိုအကြောင်းသည် နဝမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏။ မြတ်စွာဘုရား ဒသမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ ဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၁၉)

၁၁ဝ။ အရွယ်လွန်ပြီးသော ယောကျာ်းသည် တည်သီးသဖွယ် ငယ်သော သား မြတ်ရှိသော မိန်းမငယ်ကို သိမ်းမြန်းဆောင်ယူ အိမ်သူ ပြုလုပ်၏။ ထိုမိန်းမငယ်အား (ယောကျာ်းတစ်ပါးအတွက်) စိတ်မချရသောကြောင့် မအိပ်နိုင်၊ ထိုမအိပ်နိုင်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းတည်း။ (၂ဝ)

၁၁၁။ ထိုအကြောင်းသည် ဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏။ မြတ်စွာဘုရား ဧကာဒသမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ ဧကာဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၂၁)

၁၁၂။ အကြင်သူသည် ငါး အမဲစသော အစားအစာတို့၌ မက်မောသော သဘောရှိသော (ဥစ္စာကို) စည်းကမ်းမဲ့ ဖရိုဖရဲပြုတတ်သော မိန်းမကိုသော်လည်းကောင်း ထိုသို့ သဘောရှိသော ယောကျာ်းကိုသော်လည်းကောင်း အိမ်ထောင်ထိန်း အရာ၌ ထား၏။ ထိုသူ၏ ထိုအကြောင်းသည်ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၂၂)

၁၁၃။ ထိုအကြောင်းသည် ဧကာဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့သိရပါကုန်၏။ မြတ်စွာဘုရား ဒွါဒသမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ ဒွါဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၂၃)

၁၁၄။ အကြင်သူသည် ဥစ္စာနည်း၍ စည်းစိမ်ဥစ္စာတို့၌ တပ်မက်မှု ကြီးမား၏။ မင်းမျိုး၌လည်း ဖြစ်၏။ ထိုသူသည်ကား မင်းအဖြစ်ကို တောင့်တ၏။ ထိုသူ၏ ထို အကြောင်းသည်ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၂၄)

၁၁၅။ လောက၌ ဖြူစင် ကောင်းမြတ်၍ ဉာဏ်အမြင်နှင့်ပြည့်စုံသော ပညာရှိသည်ဤပျက်စီးဆုတ်ယုတ်ကြောင်းတို့ကို ကောင်းစွာ ကြည့်ရှုဆင်ခြင်၍ ရှောင်ရှားနိုင်သောကြောင့် ချမ်းမြေ့အေးမြသော နတ်ပြည် လောကသို့ ချဉ်းကပ်ရ၏''ဟု (မိန့်တော်မူ၏)။ (၂၅)

ခြောက်ခုမြောက် ပရာဘဝသုတ် ပြီး၏။