သုတ္တနိပါတ်ပါဠိတော်

၇-ဝသလသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ ထိုအခါ အဂ္ဂိကဘာရဒွါဇပုဏ္ဏား၏ နေအိမ်၌ (ပူဇော်ထားသော) မီးသည် တောက်ပနေ၏။ မီးပူဇော်ရန် နို့ဃနာထောပတ်စသည်ကို စီရင်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ အိမ်စဉ်အတိုင်း ဆွမ်းခံလှည့်လည်လတ်သော် အဂ္ဂိကဘာရဒွါဇပုဏ္ဏား၏ နေအိမ်သို့ ချဉ်းကပ်တော်မူ၏။

အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား ကြွလာသည်ကို အဝေးကပင် မြင်၍ မြတ်စွာဘုရားကို ''ဦးပြည် းယုတ် ထို၌သာလျှင် ရပ်လော့၊ ရဟန်းယုတ် ထို၌သာလျှင် ရပ်လော့၊ သူယုတ်မာ ထို၌သာလျှင် ရပ်လော့''ဟု ဆို၏။

ဤသို့ ဆိုလတ်သော် မြတ်စွာဘုရားသည် ''အဂ္ဂိကဘာရဒွါဇပုဏ္ဏား သင်သည် သူယုတ်အဖြစ်ကိုလည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သောတရားတို့ကိုလည်းကောင်း သိ၏လော''ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အကျွန်ုပ်သည် သူယုတ်အဖြစ်ကိုလည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သောတရားတို့ကိုလည်းကောင်း၊ မသိပါ၊ အကျွန်ုပ်တောင်းပန်ပါ၏။ အသျှင်ဂေါတမသည် သူယုတ်အဖြစ်ကိုလည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သောတရားတို့ကိုလည်းကောင်း အကျွန်ုပ်သိနိုင်လောက်သော အခြင်းအရာအားဖြင့် အကျွန်ုပ်အား တရားဟောတော်မူပါလော့ဟု (လျှောက်၏)။ ပုဏ္ဏား ထိုသို့ ဖြစ်လျှင်နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ ''အသျှင်ဂေါတမ ကောင်းပါပြီ''ဟု အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဝန်ခံ၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

၁၁၆။ ''အကြင်သူသည် အမျက်ထွက်လေ့ရှိ၏။ ရန်ငြိုးဖွဲ့တတ်၏။ ယုတ်မာသည်ဖြစ်၍ သူ့ကျေးဇူးကို ချေဖျက်တတ်၏။ အယူပျက်စီးသူ ဖြစ်၏။ လှည့်ပတ်တတ်၏။ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁)

၁၁၇။ ဤလောက၌ အကြင်သူသည် တစ်ကြိမ် ဖွားဖြစ်သော လူစသော သတ္တဝါကိုလည်းကောင်း၊ နှစ်ကြိမ် ဖွားဖြစ်သော၁ ငှက်စသော သတ္တဝါကိုလည်းကောင်း ညှဉ်းဆဲသတ်ဖြတ်၏။ အကြင်သူအားသတ္တဝါ၌ သနားကြင်နာမှု မရှိ၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၂)

၁၁၈။ အကြင်သူသည် ရွာတို့ကို ဖြစ်စေ နိဂုံးတို့ကို ဖြစ်စေ ဖျက်ဆီးတတ်၏။ ပိတ်ပင်တတ်၏။ ရွာနိဂုံးတို့ကို ဖျက်ဆီးတတ်သူဟူ၍ (လောက၌) ထင်ရှား၏။ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၃)

၁၁၉။ အကြင်သူသည် ရွာ၌သော်လည်းကောင်း၊ တော၌သော်လည်းကောင်း သူတစ်ပါးတို့မြတ်နိုးအပ်သော ပိုင်ရှင်မပေးသော ဝတ္ထုကို ခိုးယူလိုသော စိတ်ဖြင့် ဆောင်ယူ၏။ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၄)

၁၂ဝ။ အကြင်သူသည် သူ့ကြွေးမြီကို အမှန်ပင် ချေးယူပြီးလျှင် မြီရှင်တို့က တောင်းအပ်သည်ရှိသော်ငါ့ထံ၌ မရှိဟု ပြောဆိုလျက် ထွက်ပြေး၏။ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၅)

၁၂၁။ အကြင်သူသည် အနည်းငယ်မျှလောက်သာ ဖြစ်သော ဥစ္စာကို အလိုရှိ သဖြင့် လမ်းခရီး၌ သွားလာနေသော လူကို သတ်လျက် အနည်းငယ်မျှသော ဘဏ္ဍာကို ယူ၏။ ထိုသူကို သူယုတ်မာဟူ၍သိရာ၏။ (၆)

၁၂၂။ အကြင်သူသည် မိမိကို သက်သေထား၍ မေးအပ်သည်ရှိသော် မိမိဟူသော အကြောင်းကြောင့် သော်လည်းကောင်း၊ သူတစ်ပါးဟူသော အကြောင်းကြောင့် သော်လည်းကောင်း၊ (မိမိ၏ဖြစ်စေ သူတစ်ပါး၏ဖြစ်စေ) ဥစ္စာဟူသော အကြောင်းကြောင့် သော်လည်းကောင်း မုသားဆို၏။ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၇)

၁၂၃။ အကြင်သူသည် ဆွေမျိုးတို့၏ မယားတို့၌သော်လည်းကောင်း၊ မိတ်ဆွေ ခင်ပွန်းတို့၏မယားတို့၌သော်လည်းကောင်း အနိုင်အထက်အားဖြင့်ဖြစ်စေ၊ နှစ်ဦး သဘောတူ ချစ်သဖြင့်ဖြစ်စေလွန်ကျူးပြစ်မှား၏။ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၈)

၁၂၄။ အကြင်သူသည် အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း ကျွေးမွေးပြုစုနိုင်စွမ်းသူ ဖြစ်လျက် မကျွေးမွေး မပြုစုပေ၊ ထိုသူကို သူယုတ်မာဟူ၍သိရာ၏။ (၉)

၁၂၅။ အကြင်သူသည် အမိကိုသော်လည်းကောင်း၊ အဖကိုသော်လည်းကောင်း၊ အစ်ကိုနှင့်ညီကိုသော်လည်းကောင်း၊ အစ်မနှမကိုသော်လည်းကောင်း၊ ယောက္ခမ မိန်းမသူ ယောက္ခမယောကျာ်းသူကိုသော်လည်းကောင်း ရိုက်နှက်ပုတ်ခတ်၏။ ကြမ်းတမ်းသော စကားဖြင့် ညှဉ်းဆဲ၏။ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁ဝ)

၁၂၆။ အကြင်သူသည် အကျိုးစီးပွါးကို မေးမြန်းအပ်သည် ဖြစ်လျက် အကျိုး စီးပွါးမဲ့ကို ပြောကြားသွန်သင်၏။ မေးမြန်းသူ မသိနိုင်လောက်အောင် လျှို့ဝှက်သော စကားဖြင့် ပြောဆိုညွှန်ကြား၏။ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၁)

၁၂၇။ အကြင်သူသည် ယုတ်မာသော အမှုကို ပြုပြီးလျှင် ငါ့ကို သူတစ်ပါး မသိပါစေလင့်ဟု အလိုရှိ၏။ အကြင်သူသည် မိမိပြုသော မကောင်းမှုကို ဖုံးလွှမ်း၏။ ထိုသူနှစ်ဦးကို သူယုတ်မာဟူ၍ သိရာ၏။ (၁၂)

၁၂၈။ အကြင်သူသည် သူတစ်ပါးအိမ်သို့ သွားပြီးလျှင် မွန်မြတ်သော ဘောဇဉ်ကို စားပြီး၍လည်းမိမိအိမ်သို့ လာသော ထိုအဆွေခင်ပွန်းကို (အတုံ့အပြန်) မကျွေးမွေး၊ ထိုသူကို သူယုတ်မာဟူ၍သိရာ၏။ (၁၃)

၁၂၉။ အကြင်သူသည် ဗြာဟ္မဏကိုလည်းကောင်း၊ သမဏကိုလည်းကောင်း၊ ထိုမှတစ်ပါးသော ဖုန်းတောင်း ယာစကာကိုလည်းကောင်း ပစ္စည်းလေးပါးဖြင့် ဖိတ် ကြားပြီးဖြစ်လျက်မုသားပြောဆိုခြင်းဖြင့် လှည့်ပတ်၏။ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၄)

၁၃ဝ။ အကြင်သူသည် ထမင်းစားချိန်ရောက်လတ်သော် ဗြာဟ္မဏကိုလည်းကောင်း၊ သမဏကိုလည်းကောင်း စကားဖြင့် ခြုတ်ခြယ်၏။ ပေးကား မပေး၊ ထိုသူကို သူယုတ်မာဟူ၍သိရာ၏။ (၁၅)

၁၃၁။ ဤလောက၌ အကြင်သူသည် မောဟဖြင့် မြှေးရစ်သည်ဖြစ်၍ တစ်စုံ တစ်ခုသော ဝတ္ထုကို ရှာမှီးလာသည်ရှိသော် မသူတော်တို့ စကားကို ပြောဆို၏။ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၆)

၁၃၂။ အကြင်သူသည် မိမိကိုယ်ကို ချီးမြှောက်ပလွှား၏။ သူတစ်ပါးတို့ကို မူကား ရှုတ်ချ၏။ မိမိကိုယ်ကို ပလွှားမှု သူတစ်ပါးတို့ကို ရှုတ်ချမှုဟူသော မိမိမာနကြောင့် ဆုတ်ယုတ်၏။ ထိုသူကို သူယုတ်မာဟူ၍သိရာ၏။ (၁၇)

၁၃၃။ အကြင်သူသည် ခြုတ်ခြယ်တတ်၏။ သူတစ်ပါးပေးလှူသည်ကို မူလည်း ဝန်တိုမှု ရှိ၏။ ယုတ်မာသော အလိုရှိ၏။ ဝန်တို စေးနဲ၏။ စဉ်းလဲ ကောက်ကျစ်၏။ အရှက် မရှိ၊ အကြောက် မရှိ၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၈)

၁၃၄။ အကြင်သူသည် မြတ်စွာဘုရားကို သဗ္ဗညု မဟုတ် စသည်ဖြင့် ရေရွတ် စွပ်စွဲ၏။ ထိုမှတစ်ပါးထိုဘုရား၏ တပည့်ရဟန်းကိုသော်လည်းကောင်း၊ ပရိဗိုဇ်ကိုသော်လည်းကောင်း၊ လူကိုသော်လည်းကောင်း ရေရွတ်စွပ်စွဲ၏။ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၉)

၁၃၅။ အကြင်သူသည် ရဟန္တာ မဟုတ်ဘဲလျက် ရဟန္တာဟု ဝန်ခံ၏။ ဤသူသည်သာလျှင် ဗြဟ္မာနှင့်တကွသော လောက၌ အယုတ်မာဆုံးဖြစ်သော ခိုးသူကြီး ပေတည်း၊ ပုဏ္ဏား ငါဘုရားသည် (ရှေး၌ အကျဉ်းအားဖြင့်) ဆိုခဲ့သောသူယုတ်တို့ကို အကျယ်အားဖြင့် ပြအပ်ကုန်ပြီ။ (၂ဝ)

၁၃၆။ အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့် သာလျှင် သူယုတ်မာ ဖြစ်ရ၏။ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏။ (၂၁)

၁၃၇။ (ပုဏ္ဏား) ထိုစကား၏ အဓိပ္ပာယ်ကို ဤညွှန်းပြမည့် စကားဖြင့်လည်း သိကုန်လော့၊ ဤညွှန်းပြချက် စကားကား အဘယ်နည်း၊ ခွေးသေတို့ကို ချက်၍ စားတတ်သော ဒွန်းစဏ္ဍား၏သားသည်မာတင်္ဂဟူ၍ ထင်ရှားကျော်စော၏။ (၂၂)

၁၃၈။ ထိုမာတင်္ဂသည် အလွန့်အလွန် ရနိုင်ခဲသော မြတ်သော ကျော်စောခြင်းသို့ ရောက်၏။ ထိုမာတင်္ဂအား (လုပ်ကျွေးခစားရန်) မင်းမျိုးတို့သည်လည်းကောင်း၊ ပုဏ္ဏားမျိုးတို့သည်လည်းကောင်း၊ များစွာသော ကုန်သည်နှင့် သူဆင်းရဲတို့သည်လည်းကောင်း ခစားရာ အရပ်သို့ လာရောက်ကြကုန်၏။ (၂၃)

၁၃၉။ ထိုမာတင်္ဂသည် ကိလေသာကင်း၍ မြတ်သော ခရီးဖြစ်သော ဗြာဟ္မာ့ ပြည်သို့ ရောက်ကြောင်း (သမာပတ်ရှစ်ပါး) နတ်ယာဉ်ကို တက်စီး၍ ကာမ၌ တပ်စွန်းမှု 'ကာမရာဂ'ကို ကင်းစင်စေလျက် ဗြဟ္မာ့ပြည်သို့ ကပ်ရောက်ရသူ ဖြစ် ခဲ့၏။ ထိုမာတင်္ဂကို ဗြဟ္မာ့ပြည်၌ ဖြစ်ခြင်းမှအမျိုးဇာတ်က မတားမြစ်နိုင်။ (၂၄)

၁၄ဝ-၁၄၁။ ဗေဒင်ကို သရဇ္ဈယ်တတ်သည့် အမျိုး၌ ဖြစ်ကုန်သော ပုဏ္ဏားတို့သည် ဗေဒင်ဟူသော အဆွေခင်ပွန်း ရှိကုန်၏။ ထိုပုဏ္ဏားတို့သည်လည်း ယုတ်မာသော အမှုတို့၌ မပြတ်ထင်ကုန်မူယခုဘဝ၌ပင်လျှင် ကဲ့ရဲ့ဖွယ်ဖြစ်ကုန်၏။ တမလွန် ဘဝ၌လည်း ဒုဂ္ဂတိဘဝသို့ လားရောက်ရကုန်၏။ ထိုပုဏ္ဏားတို့ကို ဒုဂ္ဂတိဘဝသို့ လားရောက်ရခြင်းမှလည်းကောင်း၊ ကဲ့ရဲ့ခံရခြင်းမှလည်းကောင်းအမျိုးဇာတ်က မတားမြစ်နိုင်။ (၂၅-၂၆)

၁၄၂။ အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့် သာလျှင် သူယုတ်မာ ဖြစ်ရ၏။ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏။ (၂၇)

ဤသို့ ဆိုသော် အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားကို ''အသျှင်ဂေါတမ တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် ယနေ့ကို အစပြု၍ အကျွန်ုပ်ကို အသက်ထက်ဆုံးကိုးကွယ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍မှတ်တော်မူပါလော့''ဟု (လျှောက်၏)။

ခုနစ်ခုမြောက် ဝသလသုတ် ပြီး၏။

၁။ အမိဝမ်းမှ ဥအဖြစ် တစ်ကြိမ် ဖွား၍ ဥမှ တစ်ကြိမ် ပေါက်ဖွားရသော ငှက်စသော သတ္တဝါများကို ဒွိဇ နှစ်ကြိမ် ဖွားဟု ခေါ်၏။ ကြွင်းသော အမိဝမ်းမှ တစ်ကြိမ် ပေါက်ဖွားရသော လူစသော သတ္တဝါများကို ဧကဇ တစ်ကြိမ်ဖွားဟု ခေါ်သည်။