သုတ္တနိပါတ်ပါဠိတော်

၁၂-နိဂြောဓကပ္ပသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်ဝင်္ဂီသ၏ ဥပဇ္ဈာယ်ဆရာဖြစ်သော နိဂြောဓကပ္ပမထေရ်သည် အဂ္ဂါဠဝစေတီ၌ ပရိနိဗ္ဗာန်ပြု၍ မကြာသေး။ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ယောက်တည်း ကိန်းအောင်းနေသော အသျှင်ဝင်္ဂီသအား ''ငါ၏ ဥပဇ္ဈာယ်ဆရာသည် ပရိနိဗ္ဗာန်ပြုလေသလော၊သို့ မဟုတ် ပရိနိဗ္ဗာန်မပြုသေးသလော''ဟု ဤသို့ စိတ်အကြံဖြစ်၏။ ထို့နောက် အသျှင်ဝင်္ဂီသသည်ညနေချမ်းအခါတစ်ပါးတည်း ကိန်းအောင်းရာမှ ထလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ''အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ယောက်တည်း ကိန်းအောင်းနေသောတပည့်တော်အား ''ငါ၏ ဥပဇ္ဈာယ်ဆရာသည်ပရိနိဗ္ဗာန် ပြုလေသလော၊သို့ မဟုတ် ပရိနိဗ္ဗာန် မပြုသေးသလော''ဟု ဤသို့ စိတ်အကြံဖြစ်ပါ၏''ဟု လျှောက်၏။ ထို့နောက် အသျှင်ဝင်္ဂီသသည် နေရာမှ ထလျက် လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို စံပယ်တင်သည်ကို ပြု၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏-

၃၄၆။ ''မယုတ်လျော့သော ပညာရှိသော မြတ်စွာဘုရားကို မေးလျှောက်ပါ၏။ ယခုဘဝ၌ပင် တွေးတောယုံမှားမှု 'ဝိစိကိစ္ဆာ'တို့ကို ပယ်ဖြတ်သူ ထင်ရှားသူ အခြံ အရံများသူ ငြိမ်းအေးပြီးသော စိတ်ရှိသူ အကြင်ရဟန်းသည် အဂ္ဂါဠဝစေတီ၌ စုတေ ရွေ့လျောခဲ့ပါပြီ။ (၁)

၃၄၇။ မြတ်စွာဘုရား ပုဏ္ဏာမျိုးဖြစ်သော ထိုရဟန်း၏အမည်ကို နိဂြောဓကပ္ပဟူ၍အသျှင်ဘုရားမှည့်ခေါ်ပါ၏။ မြဲမြံသော သဘောရှိသည့် နိဗ္ဗာန်ကို မြင်တော်မူသော မြတ်စွာဘုရားနိဗ္ဗာန်ဝိမုတ္တိကို တောင့်တ၍ ထက်သန်သော လုံ့လရှိသော ထိုရဟန်းသည် အသျှင်ဘုရားကို ရှိခိုးလျက်လှည့်လည်သွားလာနေပါ၏။ (၂)

၃၄၈။ သာကီဝင်မင်းမျိုးဖြစ်သော ထက်ဝန်းကျင် မြင်နိုင်စွမ်းသော သဗ္ဗညုတ ဉာဏ် ရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့အားလုံးသည်လည်း ထိုနိဂြောဓ ကပ္ပမည်သော သာဝကကို သိလိုကြပါကုန်၏။ အကျွန်ုပ်တို့၏ နားတို့သည် ကြား နာရန် ကောင်းစွာ တည်ပါကုန်၏။ အသျှင်ဘုရားသည် အကျွန်ုပ်တို့၏ဆရာပါတည်း၊ အသျှင်ဘုရားသည် အတုမရှိ မြတ်တော်မူပါပေ၏။ (၃)

၃၄၉။ မြေကြီးအထုနှင့် တူသော ပညာရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့၏ယုံမှားမှု 'ဝိစိကိစ္ဆာ'ကို ဖြတ်တောက်တော်မူပါ၊ ထိုနိဂြောဓကပ္ပ ပရိနိဗ္ဗာန် ပြုသည်ကို ဟောကြားသိစေတော်မူပါလော့၊ မျက်စိတစ်ထောင်အမြင်ရှိသော သိကြားမင်းသည် နတ်တို့အလယ်၌ ပြောသကဲ့သို့ ထက်ဝန်းကျင် မြင်နိုင်စွမ်းသော သဗ္ဗညုတဉာဏ်ရှိတော်မူသော မြတ်စွာဘုရားအကျွန်ုပ်တို့၏ အလယ်၌ ဟော တော်မူပါလော့။ (၄)

၃၅ဝ။ ဤ (ခန္ဓာငါးပါးတည်းဟူသော) လောက၌ တွေဝေမှု 'မောဟ'၏ လမ်း ကြောင်းမသိမှု 'အဝိဇ္ဇာ'၏ အသင်းအပင်း တွေးတောမှု 'ဝိစိကိစ္ဆာ'၏ တည်ရာဖြစ် ကြသည့်အထုံးအဖွဲ့ 'ဂန္ထ'ဟူသမျှအားလုံးတို့သည် မြတ်စွာဘုရားထံမှောက် ရောက်ကြကုန်သော်မဖြစ်ပေါ်ကြကုန်၊ ဤဘုရားတည်းဟူသော စက္ခုသည် သတ္တဝါတို့၏ အမြတ်ဆုံး စက္ခုပါတည်း၊ (၅)

၃၅၁။ လေသည် တိမ်စိုင်တိမ်ခဲကို မဖျောက်လွှင့်နိုင်ခဲ့မူ လောကအားလုံးသည် တိမ်ဖုံးသည်ဖြစ်၍အမိုက်တိုက်သာလျှင် ဖြစ်ရာသကဲ့သို့ ဤအတူ ယောကျာ်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကိလေသာတို့ကို မဖြတ်ခဲ့မူ လောကအားလုံးသည် မောဟဖုံးလွှမ်းသည်ဖြစ်၍ စင်စစ်အမိုက်တိုက်တုံးကြီးသာလျှင် ဖြစ်ရာ၏။ ပညာရောင်ထွန်းပကုန်သောသူတို့သော်လည်းမထွန်းပနိုင်ကုန်ရာ။ (၆)

၃၅၂။ ပညာရှိတို့သည်သာ ပညာရောင်ကို ပြုတတ်သူတို့ ဖြစ်ပါကုန်၏။ လုံ့လ ရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် အသျှင်ဘုရားကို ထိုပညာရောင်ပြု တတ်သူ ပုဂ္ဂိုလ်ဟူ၍သာလျှင် အောက်မေ့ပါ၏။ အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို အထူးမြင်တတ်သူဟူ၍ သိကြကုန်သည်ဖြစ်၍သာလျှင် ချဉ်းကပ် လာရောက်ကြပါကုန်၏။ ထို့ကြောင့် ပရိသတ်တို့အလယ်၌ အကျွန်ုပ်တို့အားနိဂြောဓကပ္ပမထေရ်ကို ထင်ရှားပြတော်မူပါလော့။ (၇)

၃၅၃။ သာယာဖွယ်အသံရှိတော်မူသော မြတ်စွာဘုရား သာယာဖွယ်ရှိသော စကားကို လျင်မြန်စွာမြွက်ဆိုတော်မူပါလော့၊ ဟင်္သာသည် လည်ကို မြှောက်၍ ဖြည်းညင်းစွာ ကျူးရင့်သကဲ့သို့ ကောင်းစွာပြုပြင်အပ်သော လုံးသော အသံဖြင့် ကျုး ရင့်တော်မူပါလော့၊ အလုံးစုံသော ထိုတပည့်တော်တို့သည် မပျံ့လွင့်သော စိတ်ရှိကုန်လျက် နာပါကုန်အံ့။ (၈)

၃၅၄။ ပဋိသန္ဓေနေခြင်း သေခြင်းကို အကြွင်းမဲ့ ပယ်တော်မူပြီးသော မြတ်စွာဘုရားကို လျှောက်ထားတောင်းပန်ပြီးလျှင် ကိလေသာကို ဆေးကြောတတ်သောတရားကို ဟောကြားစေအံ့၊ ပုထုဇဉ်တို့သည် အလိုရှိရာကို ပြုလုပ်ပေးစွမ်းနိုင်မှု မရှိ၊ မြတ်စွာဘုရားတို့မူကား ပညာဖြင့် နှိုင်းချိန်၍ပြုနိုင်သည်သာ ဖြစ်၏။ (၉)

၃၅၅။ မယုတ်လျော့သော ပညာရှိတော်မူသော မြတ်စွာဘုရား ထွန်းလင်း တောက်ပသော ပညာရှိတော်မူသော အသျှင်ဘုရား၏ ကောင်းစွာ ဖြစ်စေအပ်သော ဤစကားတော်သည် အပြည့်အစုံဖြေကြားတော်မူနိုင်ပါပေ၏။ နောက်ထပ်တစ်ဖန် ဤလက်အုပ်ကို ကောင်းစွာ ညွတ်ကာ ရှိခိုးပါ၏။ နိဂြောဓကပ္ပ၏ လားရာဂတိကို သိတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်တို့အား မတွေဝေပါစေလင့်။ (၁ဝ)

၃၅၆။ မယုတ်လျော့သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား အလွန်မြတ်သော အရိယသစ္စာတရားကို ထိုးထွင်း သိတော်မူပြီး၍ တရားအားလုံးကို သိတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်တို့အားမတွေဝေပါစေလင့်၊ နွေအခါ၌ နေပူနှိပ်စက် ခံရသော ယောကျာ်းသည် ရေကို အလိုရှိသကဲ့သို့ အသျှင်ဘုရား၏ စကားတော်ကို အလိုရှိပါ၏။ အသံတည်းဟူသော မိုးကို ရွားသွန်းတော်မူပါလော့။ (၁၁)

၃၅၇။ အကြင်အကျင့်မြတ်ကို နိဂြောဓကပ္ပသည် လိုလိုချင်ချင် ကျင့်ပါ၏။ ထို နိဂြောဓကပ္ပသည်ကိလေသာအကြွင်းရှိသေးသည်ဖြစ်၍ ခန္ဓာချုပ်ငြိမ်းပါလေသလော၊သို့ မဟုတ် အချင်းခပ်သိမ်း ကိလေသာမှလွတ်မြောက်ပြီးသူ ရဟန္တာကဲ့သို့ ပရိ နိဗ္ဗာန်ပြုပါလေသလော၊ ထိုနိဂြောဓကပ္ပ၏ အကြောင်းကို နာကြားလိုပါကုန်၏။ (၁၂)

၃၅၈။ (မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူ၏) ဤနာမ် ရုပ်နှစ်ပါး၌ ကဏှ အမည်ရသော မာရ်၏အလျဉ်ဖြစ်သော ကြာမြင့်စွာသော နေ့ညဉ့်ပတ်လုံး အစဉ် မပြတ် ကိန်းအောင်းနေသောတဏှာကို ကပ္ပရဟန်းသည် အကြွင်းမဲ့ဖြတ်ပြီ၊ ပဋိသန္ဓေနေခြင်း အိုခြင်းမှ အကြွင်းမဲ့ ကူးမြောက်ပြီဟု ပဉ္စဝဂ္ဂီတို့ထက်မြတ်သော မြတ်စွာဘုရား ဟောတော်မူ၏။ (၁၃)

၃၅၉။ ခုနစ်ဆူမြောက် ဣသိဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရား၏ ဤစကားကို ကြားနာရ၍အသျှင်ဘုရားအား အကျွန်ုပ် ကြည်ညိုပါ၏။ အကျွန်ုပ် မေးအပ်သော ပြဿနာသည် အချည်းနှီးမဖြစ်သတတ်၊ ပုဏ္ဏားမျိုးကပ္ပသည် အကျွန်ုပ်အလိုကို မချွတ်ယွင်းစေပါ။ (၁၄)

၃၆ဝ။ မြတ်စွာဘုရား၏ တပည့်သာဝကသည် ပြောဆိုသည့်အတိုင်း ပြုလုပ်လေ့ ရှိသူ ဖြစ်ပါ၏။ မာယာများသော သေမင်း၏ ဝဋ်ဆင်းရဲကို ချဲ့တတ်သော မြဲမြံသောတဏှာကွန်ရက်ကို ဖြတ်တောက်လေပြီ။ (၁၅)

၃၆၁။ မြတ်စွာဘုရား ထိုနိဂြောဓကပ္ပသည် စွဲလမ်းအပ်သော ဝဋ်၏အစကို မြင်လေပြီ၊ ကပ္ပမထေရ်သည် အလွန်ကူးနိုင်ခဲသော သေမင်း၏တည်ရာ ဝဋ်ကို စင်စစ် လွန်မြောက်ပြီတကား''ဟု (လျှောက်၏)။

(၁၆) တစ်ဆယ့်နှစ်ခုမြောက် နိဂြောဓကပ္ပသုတ် ပြီး၏။