သုတ္တနိပါတ်ပါဠိတော်

၁၃-သမ္မာပရိဗ္ဗာဇနီယသုတ်

၃၆၂။ အကျွန်ုပ်သည် ကြီးမားကျယ်ပြန့်ပြောသော ပညာရှိသော သြဃလေးပါးကို ကူးမြောက်ပြီးသော နိဗ္ဗာန်ဟူသောတစ်ဖက်ကမ်းသို့ ရောက်ပြီးသော ကိလေသာ ငြိမ်းအေးပြီးသော မတုန်မလှုပ်တည်တံ့သော စိတ်ရှိသော မြတ်စွာဘုရားကို မေးလျှောက်ပါ၏။ ကာမဂုဏ်တို့ကို ပယ်စွန့်ပြီးလျှင် အိမ်ရာတည်ထောင်လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်သို့ ကပ်ရောက်သော ရဟန်းသည် အဘယ်သို့လောကနှင့်မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်ပါသနည်း။ (၁)

၃၆၃။ (မြတ်စွာဘုရားသည် ဤသို့ ဖြေတော်မူ၏) -

အကြင်ရဟန်းသည် (ဒိဋ္ဌသုတစသော) မင်္ဂလာတို့ကိုလည်းကောင်း၊ ဥပ္ပါတကျမ်း အိပ်မက်ကျမ်းလက္ခဏာကျမ်းတို့၌ ယုံကြည်ခြင်းတို့ကိုလည်းကောင်း အကြွင်းမဲ့ နုတ်အပ်ပြီ၊ ထိုရဟန်းသည် (ဒိဋ္ဌသုတစသော) မင်္ဂလာအပြစ်ကို ပယ်နုတ်ပြီး၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၂)

၃၆၄။ အကြင်ရဟန်းသည် လူ၌ ဖြစ်သော ကာမဂုဏ်တို့၌လည်းကောင်း၊ နတ်၌ ဖြစ်သော ကာမဂုဏ်တို့၌လည်းကောင်း တပ်စွန်းမှု 'ရာဂ'ကို ပယ်ဖျောက်ရာ၏။ ထို ရဟန်းသည် သစ္စာတရားကို ဉာဏ်ဖြင့် သက်ဝင်လျက် ဘဝသုံးပါးကို လွန်မြောက်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာနေနိုင်၏။ (၃)

၃၆၅။ အကြင်ရဟန်းသည် ကုန်းတိုက်ခြင်းတို့ကို ကျောခိုင်း၍ အမျက်ထွက်ခြင်း ဝန်တိုခြင်းကို ပယ်စွန့်ရာ၏။ ထိုရဟန်းသည် နှစ်သက်ဖွယ်အာရုံ မနှစ်သက်ဖွယ် အာရုံတို့၌ ရာဂ ဒေါသကို ပယ်စွန့်ပြီး၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၄)

၃၆၆။ (အကြင်ရဟန်းသည် ) ချစ်အပ်သော ဝတ္ထုကိုလည်းကောင်း၊ မချစ်အပ်သော ဝတ္ထုကိုလည်းကောင်း ပယ်စွန့်၍ တစ်စုံတစ်ခုသော အာရုံ၌ မစွဲလမ်း မမှီမူ၍ သံယောဇဉ်၏အာရုံတရားတို့မှ လွတ်မြောက်၏။ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၅)

၃၆၇။ ထိုရဟန်းသည် စွဲလမ်း၍ ယူအပ်သော ခန္ဓာတို့၌ ဆန္ဒရာဂကို ပယ် ဖျောက်၍ ခန္ဓာဟူသော ဥပဓိတို့၌ အနှစ်သာရဟု ယူခြင်းသို့ မရောက်၊ ထိုရဟန်းသည် (တဏှာ ဒိဋ္ဌိကို) မမှီဘဲ သူတစ်ပါးတို့မဆွဲဆောင်နိုင်သည်ဖြစ်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၆)

၃၆၈။ အကြင်ရဟန်းသည် နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း၊ ကိုယ်ဖြင့်လည်းကောင်းသုစရိုက်တရားတို့နှင့် မဆန့်ကျင်မူ၍ သစ္စာလေးပါးတရားကို ကောင်းစွာ သိပြီးလျှင် ခန္ဓပရိနိဗ္ဗာန်ကို လိုလားတောင့်တနေသူ ဖြစ်၍ ထို ရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၇)

၃၆၉။ အကြင်ရဟန်းသည် ငါ့ကို ရှိခိုး၏ဟူ၍လည်း စိတ်မတက်ကြွရာ၊ ဆဲဆိုသော်လည်းရန်ငြိုးမဖွဲ့ရာ၊ သူတစ်ပါးတို့ ပေးလှူအပ်သော ဘောဇဉ်ကို ရ၍လည်း မာန်မယစ်ရာ၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၈)

၃၇ဝ။ အကြင်ရဟန်းသည် ဝိသမလောဘကိုလည်းကောင်း၊ ဘဝသုံးပါးကိုလည်းကောင်း ပယ်စွန့်၍သတ်ဖြတ်ခြင်း နှောင်ဖွဲ့ခြင်းမှလည်း ရှောင်ကြဉ်၏။ ထိုရဟန်းသည် ယုံမှားခြင်းကို ကူးမြောက်ပြီးသူရာဂစသော မြားငြောင့်ကင်းပြီးသူ ဖြစ်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၉)

၃၇၁။ အကြင်ရဟန်းသည် မိမိအား လျောက်ပတ်သောအကျင့်ကို သိ၍လည်းကောင်း၊ သစ္စာလေးပါးတရားကိုဟုတ်တိုင်းမှန်စွာ သိ၍လည်းကောင်း လောက၌ တစ်စုံတစ်ယောက်ကိုမျှ မညှဉ်းဆဲ၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁ဝ)

၃၇၂။ အကြင်ရဟန်းအား အနုသယတို့သည် တစ်စုံတစ်ခုမျှ မရှိကုန်၊ အကုသိုလ်အမြစ်အရင်းတို့ကိုလည်းကောင်းစွာ ပယ်နုတ်အပ်ကုန်၏။ ထိုရဟန်းသည် တဏှာကင်းသူတောင့်တခြင်း မရှိသူဖြစ်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၁)

၃၇၃။ အကြင်ရဟန်းသည် အာသဝေါကုန်ပြီးသူ မာန်ကို ပယ်ပြီးသူ ရာဂ လမ်းကြောင်းအားလုံးကို လွန်ပြီးသူ ယဉ်ကျေးပြီးသူ ကိလေသာမီး ငြိမ်းအေး ပြီးသူ မတုန်မလှုပ် တည်တံ့သော စိတ်ရှိသူ ဖြစ်၏။ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၂)

၃၇၄။ အကြင်ရဟန်းသည် ယုံကြည်မှု 'သဒ္ဓါ' ရှိ၏။ အကြားအမြင် များ၏။ မြဲသော အရိယမဂ်ကို မြင်ပြီးဖြစ်၏။ (ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့ဖြင့်) အစုစု ကွဲသော သတ္တဝါတို့၌ (မိစ္ဆာအယူဖြင့်) အစုတစ်ခုခုသို့ လားရောက်ခြင်း မရှိ တည်ကြည်၏။ ထိုရဟန်းသည် လောဘကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ ထိပါးပုတ်ခတ်ခြင်းကိုလည်းကောင်း ပယ်ဖျောက်၍ လောကနှင့် မလိမ်းကျံဘဲကောင်းစွာ နေနိုင်၏။ (၁၃)

၃၇၅။ အကြင်ရဟန်းသည် ကောင်းစွာ စင်ကြယ်သော အရဟတ္တမဂ်ဖြင့် ကိလေသာကို အောင်ပြီးသူကိလေသာအမိုးကို ဖွင့်လှစ်ပြီးသူ သစ္စာတရားကို လေ့လာပြီးသူ နိဗ္ဗာန်ဟူသော ကမ်းတစ်ဖက်သို့ ရောက်ပြီးသူ တဏှာဟူသောတုန် လှုပ်ခြင်း မရှိသူ သင်္ခါရ၏ ချုပ်ရာနိဗ္ဗာန်ကို အာရုံပြုသော မဂ်ဉာဏ်၌ လိမ္မာသူ ဖြစ်၏။ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၄)

၃၇၆။ အကြင်ရဟန်းသည် လွန်ပြီးသော ခန္ဓာတို့၌လည်းကောင်း၊ လာလတ္တံ့သော ခန္ဓာတို့၌လည်းကောင်း ငါ ငါ့ဥစ္စာဟု ကြံစည်မှု တဏှာဒိဋ္ဌိကို လွန်၏။ အလွန်စင်ကြယ်သော ပညာရှိ၏။ အာယတနအားလုံးတို့မှ ကင်းလွတ်၏။ ထို ရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာနေနိုင်၏။ (၁၅)

၃၇၇။ အကြင်ရဟန်းသည် တစ်ခုတစ်ခုသော သစ္စာကို ဝိပဿနာပညာဖြင့် သိ၍ သစ္စာလေးပါးတရားကို မဂ်ပညာဖြင့် (တစ်ပြိုင်နက်) သက်ဝင်ပြီးလျှင် အာသဝေါ တရားတို့၏ကုန်ရာ နိဗ္ဗာန်ကို အပိတ်အပင်မရှိသိမြင်ရကား အလုံးစုံသော ဥပဓိတို့၏ကုန်ခြင်းသို့ ရောက်၏။ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲကောင်းစွာ နေနိုင်၏။ (၁၆)

၃၇၈။ မြတ်စွာဘုရား ဤစကားသည် စင်စစ် ဟောတိုင်းမှန်လှပါ၏။ အကြင် ရဟန်းသည် ဤသို့ ဟောတော်မူသည့်အတိုင်း နေလေ့ရှိ၏။ ထိုရဟန်းသည် ယဉ်ကျေးသူ သံယောဇဉ်နှင့်ယောဂအားလုံးတို့ကို လွန်မြောက်သူဖြစ်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏ဟု (မိန့်တော်မူ၏)။ (၁၇)

တစ်ဆယ့်သုံးခုမြောက် သမ္မာပရိဗ္ဗာဇနီယသုတ် ပြီး၏။